မော်လမြိုင် ၊ ဖေဖော်ဝါရီ (၄)

တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးအားလုံးဟာ ဖေဖော်ဝါရီလ (၃)ရက်နေ့မှာ နေအိမ်ပြန်လည် ရောက်ရှိခဲ့ကြပါပြီ။

တပ်မတော်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက်ပိုင်းမှာ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးအချို့ကို အစိုးရအိမ်ယာကနေ ခေါ်ဆောင်ပြီး တပ်မတော်က ထိန်းသိမ်းခဲ့တာပါ။

အဲ့ဒီလို ထိန်းသိမ်းပြီးနောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အပါအဝင် NLDပါတီ မွန်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်တို့ကို ဖေဖော်ဝါရီ(၂)ရက်နေ့မှာ လွှတ်ပေးပြီး နေအိမ်မှာ အကျယ်ချုပ် နေထိုင်စေခဲ့ပါတယ်။

 ဒါပေမယ့် မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း ၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်တို့ကိုတော့ ဖေဖော်ဝါရီလ (၃)ရက်နေ့ ညပိုင်းအထိ တပ်က ထိန်းသိမ်းခဲ့ပါတယ်။

“ခေါ်သွားတုန်းကတော့ အမှတ်(၆) ဆက်သွယ်ရေးတပ်ကို ခေါ်သွားတယ်။ အဲဒီကနေ ကျွန်တော်နဲ့ ဦးရွှေမြင့်ကို ကော့ခိုက်မှာရှိတဲ့ ၉၀၄ တပ်ကို ခေါ်သွားတယ်။သူတို့ခေါ်ထားတဲ့ ကာလမှာ ဘာမှပြောတာတော့ မရှိဘူး။ ကျွန်တော်တို့ မေးတာတောင် မပြောဘူး။ မနေ့ညက (၁၀)နာရီလောက်မှာ လာခေါ်တယ် အိမ်ပြန်ရမယ်ဆိုပြီး ပြောတယ်။ပြီးတော့ ပြန်လာတယ် အမှတ်(၆) ဆက်သွယ်ရေးတပ်မှာ ဒေါက်တာထိန်လင်းကို ဝင်ခေါ်တယ်။ ကျွန်တော်တို့ သုံးယောက်ပေါ့ နောက်ဆုံးပဲ ပြန်ရောက်လာတယ်”လို့ ဒေါက်တာမင်းကြည်ဝင်းက ပြောပါတယ်။

ပြန်လွတ်လာတဲ့ဝန်ကြီးတွေကတော့ အစိုးရအဖွဲ့အိမ်ယာကနေ (၃)ရက်အတွင်း ရွှေ့ပြောင်းပေးရမှာဖြစ်ပြီး နေအိမ်မှာ အကျယ်ချုပ်နေထိုင်ရမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့ကို နေပြည်တော်မှာ တပ်မတော်မှ တရားစွဲဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.