မော်လမြိုင် ၊ ဩဂုတ် (၁၀)

မွန်ပြည်နယ် မဲဆန္ဒရှင်စာရင်းမှာ လူဦးရေ (၆)သောင်းနီးပါးကို ဖယ်ရှားရန် လိုအပ်တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့  လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းမင်းအောင်က ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၆ သောင်းကျော် ရှိပါတယ်။

အာ့ဒီအထဲက မှတ်ပုံတင်ကွက်လပ်ဖြစ်နေသူ (၃) သိန်းကျော်ကို လဝကမှ စစ်ဆေးကြည့်ရာမှာ အသက်မပြည့်သူတွေ ၊ သေဆုံးသူတွေ ၊ အခြားဒေသကို ပြောင်းရွှေ့သွားသူတွေ ၊ ရဟန်းဝတ်သူတွေ နဲ့ ထောင်ကျသူတွေအပါအဝင် လူဦးရေ (၆) သောင်းနီးပါးကို တွေ့ရှိခဲ့တာကြောင့် မဲပေးရာမှာ ပါဝင်ခွင့်မရှိသူတွေကို ဖယ်ရှားဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“အဆိုပါ မဲပိုများဖြင့် မသမာမှု ပြုလုပ်လာပါက ရွေးကောက်ပွဲအတွက် ဒီမိုကရေစီစနစ်အတွက် ပျက်ယွင်းခြင်း ဖြစ်မည့်အပြင် တိုင်းပြည်နှင့်အနာဂါတ်လူထုအတွက် အလွန်နစ်နာမှုများ ဖြစ်ပေါ်လာနိုင်သည်”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းမင်းအောင်က ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ မှတ်ချက်ပြုထားပါတယ်။

လဝကအနေနဲ့ မဲစာရင်းမှာ ပါဝင်တဲ့ လူဦးရေ (၃) သိန်းကျော်ကို မြေပြင်ကွင်းဆင်းစစ်ဆေး ခဲ့တာဖြစ်ပြီး ကျန်တဲ့ လူဦးရေ (၁၄) သိန်းကျော်ကိုတော့ မစစ်ဆေးနိုင်သေးဘူးလို့ သိရပါတယ်။

ဩဂုတ်လ (၇)ရက်နေ့အထိ မွန်ပြည်နယ်အတွင်း မဲစာရင်းလာကြည့်သူ ၁သိန်း၈သောင်းကျော်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် မဲစာရင်းမှားယွင်းနေလို့ ပြင်ဆင် ဖြည့်စွက်ဖို့ တင်ပြထားသူဦးရေ ၂သောင်းနီးပါး ရှိတယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောဆိုထားပါတယ်။

“အချို့က မိသားစုအတွက် လာကြည့်ပေးသလို အချို့က မိသားစု သုံးလေးခုအတွက် လာကြည့်ပေးတာလည်းရှိတယ်။ ဒါကြောင့် ၁သိန်း၈သောင်းကျော် လာကြည့်ပြီးပြီးဆိုတော့ ကိုယ်စားပြုမှုဟာ အများကြီး ဖြစ်ပါတယ်။ လက်ရှိ ကပ်ထားကြေညာတဲ့ မဲစာရင်း ၁၇သိန်း ၆သောင်းကျော်မှာ ၁၅ သိန်းဝန်းကျင်လောက် ကြည့်ပြီးဖြစ်တယ်လို့ ယူဆလို့ရတယ်”လို့ ဆိုပါတယ်။

ဒါပေမယ့် ရပ်ကွက်ကျေးရွာတွေမှာတော့ မဲစာရင်းအပေါ် စိတ်ဝင်စားမှု နည်းပါးတာကြောင့် လာကြည့်တဲ့သူ အင်မတန်နည်းတယ်လို့ မဲစာရင်းကြည့်ဖို့ နှိုးဆော်နေသူတွေက ပြောပါတယ်။

 “ကျွန်မတို့တွေ့ရသလောက်က မဲစာရင်းလာကြည့်သူနည်းတယ်။အချို့မဲရုံတွေကို လာကြည့်တာ ဆယ်ဂဏန်းလောက်ပဲရှိတယ်။အထူးသဖြင့် အလှမ်းဝေးတဲ့နေရာ ဥပမာ တရနာဆိုရင် အုပ်ချုပ်ရေးမှူးရုံးမှာ ၅ရွာစာ မဲစာရင်းကပ်ထားတယ် သူ့ရွာမဟုတ်တော့ လာမကြည့်ကြဘူး ။ မြို့ပေါ်မှာလည်း လက်လုပ်လက်စားများတဲ့ ရပ်ကွက်တွေဆို ကြည့်တဲ့သူတောင် မရှိဘူး”လို့ မဲစာရင်းကြည့်ဖို့ နှိုးဆော်နေတဲ့ မခိုင်ခိုင်ချိုမြင့်က ပြောပါတယ်။

လက်ရှိ ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ စားဝတ်နေရေးကြပ်တည်းနေတာကြောင့် မဲစာရင်းကြည့်ဖို့ထက် စျေးရောင်းဖို့ကိုသာ ခေါင်းထဲထည့်ထားတယ်လို့ မော်လမြိုင်မြို့နေ ကျပန်းအလုပ်သမားဖြစ်တဲ့ ဒေါ်ဆန်းကလည်း ပြောပါတယ်။

“မဲစာရင်းမကြည့်ရသေးဘူး ကျွန်မက မိသားစုနဲ့ စားဝတ်နေရေးအတွက် လုံးပန်းနေရတယ် ထည့်ဆိုရင်ထည့်ပေးမယ် မထည့်နဲ့ဆို ကျွန်မ မထည့်ထိဘူး ကျွန်မအလုပ်နဲ့ကျွန်မ အရင်ကဆို မဲကို ပျော်ပျော်ရွှင်ရွှင်ကြီး ထည့်ခဲ့တယ် အခုကျတော့ စီးပွားရေးက ခက်ခဲတော့ ကျွန်မမိသားစုနဲ့ ကျွန်မလုံးပန်းနေရတော့ စျေးရောင်းဖို့ပဲ ခေါင်းထဲထည့်ထားတယ်”လို့ သူမက ပြောပါတယ်။

လက်ရှိမှာတော့ မဲဆန္ဒရှင်စာရင်းကို ဩဂုတ်လ ၇ရက်နေ့ကနေ ၁၄ ရက်နေ့အထိ သက်တမ်းတိုး ကြေညာထားပြီး မဲစာရင်းကြည့်ကြဖို့ နှိုးဆော်မှုတွေ ပြုလုပ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.