ရေး ၊ ဩဂုတ် (၉)

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဧရိယာအတွင်းမှာ နိုင်ငံရေးပါတီတွေကို လွတ်လပ်စွာ စည်းရုံးပိုင်ခွင့် အပြည့်အဝ ပေးသွားမယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောပါတယ်။

မွန် ၊ ကရင် ၊ တနင်္သာရီဒေသက မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်ဧရိယာအတွင်းမှာ ရွာပေါင်းတစ်ရာကျော်ရှိပြီး အိမ်ထောင်စု တစ်သောင်းခွဲကျော်နဲ့ လူဦးရေ ရှစ်သောင်းကျော် ရှိတယ်လို့ သိရပါတယ်။

မဲဆွယ်စည်းရုံးရေးကာလရောက်ရင်တော့ နိုင်ငံရေးပါတီတွေအနေနဲ့ ဒီဒေသကလူတွေကို လွတ်လပ်စွာ စည်းရုံးနိုင်မှာဖြစ်ပြီး မွန်ပြည်သစ်ပါတီအနေနဲ့ ကန့်သတ်ချက်တွေ ထားရှိမှာမဟုတ်ဘူးလို့ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောပါတယ်။

“ဘာမှကန့်သတ်ချက်မရှိပါဘူး၊ လွတ်လပ်စွာစည်းရုံးပိုင်ခွင့်အပြည့်အဝပေးသွားမယ်၊ ထိန်းချုပ်ဒေသက မဲပေးမယ့်ပြည်သူတွေအတွက်က သူတို့အစီအစဉ်နဲ့သူတို့ လွတ်လပ်စွာမဲပေးနိုင်ပါတယ် ” လို့ ဆိုပါတယ်။

အခုလို ထိန်းချုပ်ဒေသအတွင်းမှာ နိုင်ငံရေးပါတီတွေကို လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်ပြုတာကို ကြိုဆိုတယ်လို့ NLD ပါတီ ရေးမြို့နယ် ဥက္ကဋ္ဌ ဦးကျော်မိုးအေးက ပြောပါတယ်။

“မွန်ပြည်သစ်ပါတီရဲ့ ရွေးကောက်ပွဲအတွက် ခုလို ပြောကြားချက်က ကျေနပ်စရာကောင်းပါတယ်၊ ထိန်းချုပ်ဒေသအတွင်းမှာ မဲစာရင်းမပါတာတွေလဲကြားတော့ မဲပေးသူတွေရဲ့ ဆန္ဒတွေအတိုင်း မဲစာရင်းမှာပါဝင်လာအောင်လည်း ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းလိုပါတယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မွန်ပြည်သစ်ပါတီဟာ ရေးမြို့နယ် ထိန်းချုပ်ဒေသက မှတ်ပုံတင်မရှိသူတွေကို ရွေးကောက်ပွဲအမှီ မှတ်ပုံတင်ရရှိအောင် ဆောင်ရွက်ပေးဖို့ အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

“ထိန်းချုပ်ဧရိယာအတွင်းမှာ မဲရုံအနေနဲ့ တောင်းဆိုထားတာမရှိသေးဘူး၊ ရေးဘက်က ထိန်းချုပ်ဒေသအတွင်းမှာတော့ လူဦးရေ ၂၀၀၀ ကျော်လောက် မှတ်ပုံတင်ရရှိဖို့ ကျန်နေသေးတယ်၊ နိုင်ငံသားကတ်ကွင်းဆင်းဆောင်ရွက်နိုင်ဖို့ ဝန်ကြီးချုပ်ကို တိုက်ရိုက်တင်ပြထားပါတယ် ညှိနှိုင်းနေတုန်းပါ၊ ရွေးကောက်ပွဲမတိုင်ခင် ဖြစ်မှာပါ” လို့ နိုင်ဗညားလယ်က ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး မွန်ပြည်နယ်အတွင်းမှာ ယှဉ်ပြိုင်ဖို့ ပါတီ (၁၃) ခုကနေ ကိုယ်စားလှယ်လောင်း (၃၀၃) ဦးကို အမည်စာရင်း တင်သွင်းထားပါတယ်။

သတင်းနှင့်ဓါတ်ပုံ – ရဲနိုင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.