အပြောင်းအလဲကို ရဲရဲတင်းတင်းလုပ်ပါ

0
18350
ရန်ကုန်တိုင်းအစိုးရကား အပြောင်းအလဲတစ်ခုပြီးတစ်ခု ရဲရဲတင်းတင်းပြုလုပ်နေကြောင်း သတင်းတွေ က ကြားသိရသည်။ အပြောင်းအလဲတစ်ခုခြင်းစီတိုင်းအတွက် အားပေးခြင်း၊ ထောက်ခံခြင်းရှိသလို ကန့်ကွက် ခြင်း၊ ရှုံ့ချခြင်းများလည်းရှိသည်။ ကောင်း၏ <!--more-->

မကောင်း၏ထက် အပြောင်းအလဲကို ရဲရဲတင်းတင်းဖြင့် ဆောင် ရွက်လိုက်ခြင်းကား ရန်ကုန်တိုင်းအစိုးရအတွက် အမှတ်တက်စေသည်။

ရန်ကုန်တိုင်းအစိုးရ၏ ထိုးဖောက်ဆောင်ရွက်ချက်နှင့်အတူ လူမှုကွန်ရက်စာမျက်နှာတွင် အမေးရှိလာ သည်ကား မြန်မာနိုင်ငံတွင် ဝန်ကြီးချုပ်တစ်ဦးထဲ ရှိနေသည်လား ဆိုသည်ပင်ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၄)ခုတွင် ဝန်ကြီးချုပ် (၁၄)ဦးက တာဝန်ယူအုပ်ချုပ်ကြရ သည်။ သို့သော်လည်း ရန်ကုန်မှလွဲပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးနည်းတူ မွန်ပြည်နယ်ဝန်ကြီးချုပ် လည်း ပျောက်လျက်သားကောင်းနေဆဲပင်။

လူထုကြားထဲသွားလာမှု လျော့နည်းလာသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ထိုင်ခုံလှုပ်နေသည်ဟု သတင်း သဲ့သဲ့ကြားသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ထိရောက်သော အပြောင်းအလဲတစ်ခုခု မွန်ပြည်နယ်အတွက် မစွမ်း ဆောင်နိုင်နေသည်ကို တွေ့ရသည်။

ဝန်ကြီးချုပ်အဖြစ်တာဝန်ယူသည့် ငါးနှစ်တာကာလသည် မည်မျှမကြာပါ။ အချိန်ဇယားဆွဲ၊ မဟာဗျူဟာ နည်းဗျူဟာချမှတ်အကောင်းအထည်ဖော်ရုံသာပြီးမြောက်နိုင်မည့် အချိန်ကာလသာလျှင်ဖြစ်သည်။ အဆိုပါ ငါးနှစ်ကာလအတွင်း ထိရောက်သော ရဲတင်းသော အပြောင်းအလဲတစ်ခုခုဖော်ဆောင်နိုင်ဖို့ မွန်ပြည်နယ်ဝန်ကြီး ချုပ် စီမံသင့်ပေပြီ။

မဲဆွယ်စည်းရုံးစဉ် ကြွေးကြော်ခဲ့သည့် ပြောင်းလဲချိန်တန်ပြီဆိုသည့်စကားရပ်သည် အာဏာရအစိုးရ အတွက် အလွန်ပင် အဓိပ္ပါယ်ရှိသလို တာဝန်လည်းကြီးပါသည်။ ပြောင်းလဲချိန်တန်ပြီ ပြောင်းလဲရတော့မည်ဟု ဆိုလိုသည်ဖြစ်ရာ တစ်စုံတစ်ရာပြောင်းလဲမှုရှိဖို့တော့လိုလာပါပြီ။

ဆိုလိုချင်သည်မှာ တစ်စုံတစ်ခု(တစ်စုံတစ်ခုဆိုသည်မှာ ပြည်သူများအတွက် အကျိုးရှိထိရောက်မည့် လုပ်ငန်းတစ်စုံတစ်ခုဖြစ်ပါသည်) အတွက် စတင်ပြင်ဆင်သင့်ပြီ။ ပြင်ဆင်သည့်အခါတွင် ကျွမ်းကျင်ပညာရှင် တွေလိုပြီ။ နည်းပညာပိုင်း အကူအညီပေးသူတွေလိုပြီ။ ကူညီပေးမည့်သူတွေလိုပြီ။ အဆိုပါ အထွေထွေ ပုဂ္ဂိုလ် များနှင့်လည်း တန်းတူညီမျှစွာ လေးစားမှု အသိအမှတ်ပြုမှုရှိစွာ လုပ်ကိုင်ဆောင်ရွက်ဖို့ လိုပါသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို လေ့လာကြည့်လျှင် အထင်းသားတွေ့နိုင်သည်။ ပြောချင်သည်ကား ပြောင်းလဲချိန်တန်ပြီဆိုသည့် စကားရပ်အပေါ် တာဝန်ယူမှုရှိစွာဖြင့် ပြောင်းလဲမှုတစ်စုံတစ်ရာ အတွက် ရဲဝံ့စွာဆောင်ရွက်နိုင်ဖို့ မွန်ပြည်နယ်အစိုးရအဖွဲ့အား လေးနက်စွာတိုက်တွန်းအပ်ပါသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.