ဝရဇိန် (ပေါင်)

ရုံးဖွင့်ရက်တစ်ခုရဲ့ မနက် ၁၁ နာရီကျော်အချိန် သထုံခရိုင်တရားရုံး အပေါ်ထပ်ကို လှေခါးအတိုင်း လေးတွဲ့သော ခြေလှမ်းနဲ့တစ်လှမ်းချင်းတက်လာသူ ကိုအောင်ထွန်း (ခ) အီဆာဟတ် ဆိုသူရဲ့ လက်နှစ်ဖက်မှာ စတီးရောင်လက်ထိပ် နဲ့ သံကြိုးစတစ်ဖက်ကို အစောင့်ရဲများက ကိုင်ထားပါတယ်။

စက်ဆုတ်ရွံရှာစွာကြည့်နေကြသူတွေရဲ့ မျက်လုံးစွမ်းအား တွေကို ရင်မဆိုင်ရဲတော့တာကြောင့် ခေါင်းငုံ့ပြီး ခရိုင်တရားရုံးထဲကို ဝင်သွားရင်း တစ်ချိန်ကတော့ ဘာသာရေးဆရာ သူတော်ကောင်းတစ်ဦးအဖြစ် သူ့ကိုလေးစားအထင်ကြီးမှုများက စွဲဆိုခံထားရတဲ့ သက်ငယ်မုဒိမ်းမှုဆိုတဲ့ အရာကြောင့် ဆန့်ကျင်ဘက် သက်ရောက်မှုတွေဖြစ်ကုန်ပါပြီလေ၊

ရာဇသတ်ကြီးဥပဒေပုဒ်မ(၃၇၅) မှာဖော်ပြချက်ပါအတိုင်းဆိုရင် မိန်းမတစ်ယောက်ကို အလိုမတူ၊ ခွင့်မပေး၊ နာရေး၊ ထင်မှတ်၊ သေနာဘေးကြောက် ၁၆ နှစ်အောက် ဆိုတဲ့အချက်တွေထဲက တစ်ချက်ငြိစွန်းစွာ ကာမစပ်ယှက်မိရင် မုဒိမ်းမှု မြောက်ပါတယ်။ မုဒိမ်းမှုကျုးလွန်သူကို ပုဒ်မ ၃၇၆ နဲ့အရေးယူရတဲ့အခါ အမြင့်ဆုံးပြစ်ဒဏ်ကို တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ပါတယ်။ သာမန်မုဒိမ်းမှုတွေကို မြို့နယ်တရားရုံးတွေမှာပဲ တရားစွဲပေမဲ့ သက်ငယ်မုဒိမ်းဆိုရင် ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ စက်ရှင်အာဏာဆံံ့တဲ့ ခရိုင်တရားသူကြီးရုံးမှာစွဲတင်ဖို့ အကြံပြု ပြန်ကြားပေးနေပါတယ်“ လို့တော့ သထုံခရိုင်ဥပဒေအရာရှိ ဦးတင်မောင်က ပြောသည်။

ဆန္ဒကိုအသိ သတိနဲ့မထိန်းပဲ ဖဿကို ကာယကံမြောက်လွဲမှားစွာအားထုတ်မိသူများအနေနဲ့ လူ့အသိုင်းအဝိုင်း က လက်မခံတဲ့ ပြစ်မှုတခုဖြစ်တဲ့ မုဒိမ်းမှုကို ကျုးလွန်မိတတ်ကြပါတယ်။ သူတို့ရဲ့သားကောင်ဖြစ်ရသူ မိန်းကလေးရဲ့ အသက်က “အသက် ၁၆ နှစ်အောက်ဆိုရင်တော့ သက်ငယ်မုဒိမ်းမှုလို့ အကြမ်းဖျဉ်းသတ်မှတ်ထားပါတယ်။ သက်ငယ် မုဒိမ်းဆိုပြီး သီးခြားပြစ်ဒဏ်ပြဌာန်းထားခြင်းမရှိသေးဘူး“ လို့ သထုံခရိုင်ဥပဒေအရာရှိ ဦးတင်မောင်က ပြောသည်။

၂၀၁၆ ကုန်လို့ ၂၀၁၇ နှစ်စမှာပဲ သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေဆဲပါ။ မြန်အောင်မြို့မရဲစခန်း (ပ)၄/၂၀၁၇ ရဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အမှုမှာ တရားခံ မြစိုး ရဲ့အသက်က (၆၂) နှစ်ဖြစ်ပြီး သူကျုးလွန်ခဲ့တဲ့ မိန်းကငယ်ကတော့ လေးတန်းကျောင်းသူလေးကိုဖြစ်ပါတယ်။ ကော့သောင်းမြို့မရဲစခန်း (ပ)၂၇/၂၀၁၇ နဲ့ အရေးယူ ထားတဲ့အမှု ဖြစ်စဉ်မှာတော့ ပလောတုံးတုံးကျေးရွာမှာ တံငါလုပ်စားသူမိဘများ ပင်လယ်ထဲသွားနေတုန်း အိမ်မှာ ကျန်ခဲ့တဲ့ (၁၄) နှစ် အရွယ်မိန်းကလေးကို အခန်းချင်းကပ်လျက်မှာနေထိုင်သူ လူငယ် သုံးဦးက အလှည့်ကျ မုဒိမ်းကျင့်ခဲ့ ကြလို့ဖြစ်ကြောင်း သိရပြီး မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က ၈တန်းကျောင်းသူကို ဖခင်အရင်းက ကျုးလွန်ခဲ့တဲ့ အမှု ဖြစ်စဉ်ကလည်း လူ့အသိုင်းအဝိုင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။

“ကျွန်မသမီးလိုအညွန့်ကျိုးဘဝပျက်တဲ့ သမီးငယ်လေးတွေ ထပ်မံမဖြစ်စေချင်ဘူး။ သူတို့ကိုဥပဒေနဲ့အညီ ထိ ရောက်စွာအရေးယူတာပဲလိုချင်တယ် “လို့ သထုံမြို့က ဘာသာရေးဆရာ စော်ကားတာခံရသူမိန်းကလေးမိခင် ဒေါ်ခင်မာချို ကပြောပါတယ်။

သထုံခရိုင်တရားရုံးက ၂၀၁၆ ခုနှစ်အတွင်းက သက်ငယ်မုဒိမ်းမှု နှစ်မှုအမိန့်ချခဲ့ရာမှာ တစ်မှုက ထောင်ဒဏ် (၁၀)နှစ်၊ တစ်မှုက (၈) နှစ်ချမှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း (၃၄) လကာလကိုစစ်တမ်းတစ်ခုရယူခဲ့ရာမှာ သက်ငယ် မုဒိမ်းမှုပေါင်း (၁၁၈၄) မှုဖြစ်ခဲ့ပြီး အဲ့ဒီထဲကမှ ဖခင်အရင်းက ကျုးလွန်တာ (၅၄) မှုရှိကြောင်း ၂၀၁၄ ခုနှစ် တစ်ခုထဲတင် သက်ငယ်မုဒိမ်း (၃၃၄) ခုဖြစ်ရာမှာ ဖခင်အရင်းက (၁၅)မှု ပထွေးက (၂၃) မှုရှိခဲ့တယ်လို့ ၁၅၊ ၁၂၊ ၂၀၁၆ နေ့ထုတ် ပြည်မြန်မာဂျာနယ် အမှတ်(၁၀၅၄) မှာ ဖေါ်ပြထားတာတွေ့ရပါတယ်။

မွန်ပြည်နယ်မှာတော့ ၂၀၁၆ ခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှုပေါင်း (၃၀)ဝန်းကျင်ခန့်ဖြစ်ပွားခဲ့ပြီး အရပ်ဘက်အဖွဲ့ အစည်းများကတော့ ကြီးလေးပြစ်ဒဏ်ချမှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

“မုဒိမ်းမှုဖြစ်ရတဲ့ အကြောင်းအရင်းတွေမှာ ယောကျာၤးလေးဘက်က ကြံစည်တာများတယ်ဆိုပေမယ့် မိန်းကလေး တွေဘက်က အခြေအနေ အချိန်အခါနဲ့ အခွင့်အရေးရအောင် နေထိုင်သွားလာခြင်းများကြောင့်လည်းပါဝင်တာကိုသတိ

ပြုသင့်ပါတယ်။ မိဘတွေက ကိုယ့်ရဲ့သမီးမိန်းကလေးကို ထိန်းသိမ်းတဲ့နေရာမှာ သူစိမ်းတွေနဲ့ ယုံကြည်စွာအပြင် သွား စေတာမလုပ်မိဖို့၊ အချိန်လွန်အခါလွန် ညအချိန်တွေမှာ အဖေါ်မဲ့မလွှတ်ဖို့၊ ကိုယ့်သမီးတွေ ကလေးတွေရဲ့အနေအထိုင် အသွားအလာကိုသတိထားစောင့်ကြည့်ကြဖို့လိုတယ်”ဟု သက်ငယ်မုဒိမ်းမဖြစ်အောင်ကာကွယ်သင့်တဲ့ အချက်တွေကို ပေါင်မြို့နယ်ရဲတပ်ဖွဲမှုး ရဲမှုးအေးဆွေက အကြံပြုပြောဆိုပါတယ်။

တစ်ဖက်မှာလည်း တိုးတက်လာတဲ့ နည်းပညာကို အသုံးပြုပြီး မတော်မတရားကြံဖို့ မုဆိုးအပေါင်းက စောင့်ကြိုနေ သည်များလည်းရှိသည်။

ကြူနေတာကိုအတည်ယူမယ်ထင်ပြီး ဖေ့ဘုတ် (Facebook)က ခင်တဲ့သူနဲ့လိုက်သွားမိတဲ့ ပေါင်မြို့နယ် ကဒုံစီး ရပ်ကွက်က သက်ငယ်မိန်းကလေး (၂)ဦးရဲ့ ဖြစ်ရပ်မှန်တစ်ခုကလည်း ကျိုက်ထိုတည်းခိုခန်းမှာ ၃ ရက်အကြာ ရဲလိုက် လာမှ ကွမ်းတစ်ရာရေတစ်မှုတ်နဲ့ကောင်မလေးကိုထားပြီးထွက်ပြေးသွားတဲ့ ဗိုလ်အောင်ဒင် နှစ်ဦးကြောင့် မောင့်အချစ်မြှားစူး နေကြရဆဲဖြစ်ပါတယ်။

မုဒိမ်းမှုတွေဖြစ်တာဟာ ထွက်ပေါက်ပိတ်နေတဲ့ စိတ်ကြောင့် ထွက်ပေါက်ရှာတာလားဆိုသည်နှင့် ပတ်သက်ပြီး လူ့စိတ်အပိုင်းအခြားသဘောကတော့ ဘယ်လိုဖွင့်ဆိုနေသလဲဆိုတာ မေးမြန်းချက်အချို့က အခုလိုပြောပါတယ်။

“ငါ့အသက် (၇၀) ကျော်ပြီ။ ဒီလိုအပြင်အဆင်နဲ့ မိန်းကလေးက ဆိပ်ကွယ်ရာမှာ လာလုပ်ပြနေရင် အသိက အသိ သတိကသတိပဲ။ သိဝိဘုရင် ဥမ္မာဒန္ဒီကို မြင်လိုက်ပြီးဖြစ်တဲ့ စိတ်ကဒါမျိုးထင်တယ်”လို့ အရာထမ်းဘဝနဲ့ အငြိမ်းစားယူ ထားသူအသက်(၇၀) ကျော် ဦးလေးတစ်ယောက်က သဘာဝတရားနဲ့ယှဉ်ပြီး ပြောဆိုပါတယ်။ 

“စိတ်ချမ်းသာပြီး နေရာထိုင်ခင်းက လွတ်လပ်နေမယ်။ ပူပင်သောကကင်းနေမယ်ဆိုရင် မိန်းမနဲ့အတူရှိနေရင် တစ်ရက် ၃ ကြိမ်လောက် ဖြစ်နိုင်သေးတယ်“လို့ အသက် (၄၀) ကျော်အရွယ်အမျိုးသားတစ်ဦးက ပြောဆိုထားပြီး “ယောကျာၤးတွေမှာ ဖွဲတစ်ဆုတ်ကိုင်နိုင်သေးတဲ့ အခြေအနေရှိနေသေးတဲ့အထိ အဲ့ဒီကိစ္စကို နိုင်သေးတယ်“စကားပုံက သက်ငယ်မုဒိမ်းကို ကျုးလွန်သူအများစုက အသက်ကြီးပိုင်း များနေတဲ့အချက်အပေါ်မှာ သတိထားစရာဖြစ်နေပါတယ်။  

“နာဂရ သောဘီနီ “ ဆိုတာ ပါဠိလို ပြည့်တန်ဆာလို့ ခေါ်တယ်။ မြတ်စွာဘုရားရှိစဉ်အခါထဲက အမ္မပါလီ တို့ သီရိမာတို့ဆိုတာ ရှင်ဘုရင်ကိုယ်တိုင်ခွင့်ပြုထားတဲ့ ပြည့်တန်ဆာတွေဆိုတော့ ပြည့်တန်ဆာကို တရားဝင် ခွင့်ပြုတာကို ဘုန်းကြီးကတော့သဘောကျတယ် “လို့ နတ်ကြီးချောင်တိုက်ကျောင်းဆရာတော် အရှင်တေဇိန္ဒက သက်ငယ်မုဒိမ်းမှု လျော့နည်းရေး လမ်းကြောင်းလွှဲပေးနိုင်မယ့် ထွက်ပေါက်တစ်ခုအဖြစ် ပြည့်တန်ဆာ တရားဝင်ခွင့်ပြုရေးကို အကြံပြုပါ တယ်။

ပြည့်တန်ဆာကို တရားဝင် လိုင်စင်ချထားပေးရေးနဲ့ ပတ်သက်ပြီး ပထမအကြိမ်ပြည်သူ့လွှတ်တော်မှာ ကိုယ်စား လှယ်တစ်ဦးကတင်ပြခဲ့ဖူးပေမဲ့ အဆိုရှုံးနိမ့်ခဲ့ပါတယ်။ 

ပေါင်မြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကတော့ တင်ပြဖို့ ကြိုးစားချင်ပေမယ့်လည်း အဆိုအောင်မြင် ဖို့မမြင်မိကြောင်း ယခုလိုပြောပါတယ်။

“ကျွန်တော်တင်ပြရင်လည်း အောင်မြင်ဖို့သိပ်မမြင်ဘူး။ လက်ရှိအစိုးရကို အမြင်ကျဉ်းသူတွေက ကဲ့ရဲ့ကြမယ်။  ဒီမိုကရေစီရင့်ကျက်လာရင်တော့ ဖြစ်လာနိုင်ပါတယ် “လို့  ပြောပါတယ်။

လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အမျိုးသမီးတွေအတွက် မသန်စွမ်းသူတွေအတွက်ပဲ ထင်နေကြလားတော့မသိဘူး ကျွန်တော်တို့အမျိုးသားတွေရဲ့ အခွင့်အရေးကိုလည်း စဉ်းစားပေးစေလိုတယ်။ ထွက်ပေါက်တွေ အားလုံးပိတ်ထားကြ တော့ ဒီလိုကျော်မကောင်းကြားမကောင်းပြသနာတွေရှိနေအုံးမှာပဲ“ ဆိုတဲ့ ပေါင်မြို့မှာနေတဲ့ လူမှုအဖွဲ့စည်းတစ်ခုက ကိုဝင်းညွန့်ဆိုသူရဲ့ အမျိုးသားဆိုင်ရာ ဒဿနကလည်း စဉ်းစားစရာတစ်ခုပေလား ဆိုရမည်ပင်။ 

kyi-aye-paung-feature
ပြည့်တန်ဆာတရားဝင်ထားပေးခြင်းသဘောထားနဲ့ပတ်သက်ပြီး ရင်းနှီးသူအမျိုးသမီး ၁၀ ယောက်လောက်ကို မေးမြန်းကြည့်ရာမှာ အားလုံးက ကန့်ကွက်ကြပါတယ်။ မိမိခင်ပွန်းကတဆင့်ရောဂါကူးစက်မှာစိုးရိမ်ခြင်းနဲ့ အချစ်ကို ဝေစားခံရသလို ခံစားရမှာမလိုလားကြဘူးလို့ဆိုကြပါတယ်။

အသိနဲ့ဆန္ဒအားပြိုင်ပွဲမှာ ဆန္ဒကို ဦးစားပေးပြီး မစားကောင်းတဲ့အသီးကို လူစိတ်မဲ့စွာ စားခဲ့ကြသူများ။  ဆင်ကိုယ်၊ လိပ်ခါး၊ ဖားဖင်နဲ့ ဆင်ခန္ဓာ ဝက်ကိုယ်လုံး ဇရာ ဆုံးနေတဲ့ ပါးရေတွန့်အဖွားကြီးဆိုပြီး မိမိအိမ်သူသက်ထားကို ရင်မခုန် တော့တဲ့ဘဘကြီးများ၊ အဆင်းကို အမြင်အာရုံက ဖဿဖြစ်ရာမှ ဥပဒါန် ရကာ အဝိဇ္စာ တဏှာကို ပညာဉာဏ်နဲ့မယှဉ်ပဲ အားထုတ်မိကြတဲ့သူများအတွက်ကတော့ Kစွပ်၊ မာစွပ်၊ ဆီလီကွန်နဲ့ နာဂရသောဘီနီ ဆိုတဲ့ ပြည့်တန်ဆာက ထွက် ပေါက်တစ်ခုလေလား။

 နည်းပညာအဟုန်ကို ဇွဲသန်စွာဖြင့် ကူးခတ်ပြီး အကောင့်အပ်ပေးမလား တစ်ခုခုမန့်ခဲ့ပါလားဆိုပြီး ဖေ့ဘုတ် (Facebook)အလွဲသုံးနေကြတဲ့ အပျိုဖော်ဝင်မှားနေကြတဲ့မိန်းကလေးများ၊ အယုံလွယ်သူမိခင်များနဲ့ ဗဟုသုတနည်းသူ မိခင်များရဲ့သမီးပျိုအမျိုးကောင်း မိခင်လောင်းများ၊ ကျားချောင်းချောင်းနေတဲ့ တဏှာရူးတွေလက်ကနေ ထွက်ပြေး လွတ်မြောက်ဖို့ ခက်နေတဲ့ ဘဝအထွေထွေထဲက သမီးပျိုတွေအနေနဲ့ အထက်ဖေါ်ပြပါပန်းစားကျားများရဲ့အန္တရာယ်ကို သတိမူသင့်လှပြီး ခရိုင်တရားရုံးမှာ အမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်နိုင်တဲ့ ပုဒ်မ (၃၇၆) ကို အမှုရင်ဆိုင်နေရ ဆဲ ကိုအောင်ထွန်း(ခ) အီဆာဟတ်လိုပဲတဒင်္ဂ စိတ်အလိုကို ဘဝနဲ့လဲပြီးပြန်လည် ပေးဆပ်ကြရတော့မယ့် လူတွေ ရဲအချုပ်ခန်းတွေမှာ များစွာရှိနေသော်လည်း သက်ငယ်မုဒိမ်းဆိုရင် ကြီးလေးတဲ့ ပြစ်ဒဏ်ပေးစေလိုကြောင်း တောင်းဆို နေကြသံများလည်း ကျယ်လောင်နေပြီဖြစ်ပေသည်။         

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.