ဟူစလန် ၊ နိုဝင်ဘာ ၁၄
အမေရိကန်နိုင်ငံ နယူးအော်လန်းပြည်နယ်မှာ ဆိုက်ကပ်ရပ်နားထားတဲ့ မြစ်ကြောင်း အပျော်စီးသင်္ဘော တစ်စီးကို ရေနံတင်သင်္ဘော တစ်စီးက နိုဝင်ဘာ ၁၃ ရက်က ဝင်တိုက်မှုကြောင့် တိမ်းမှောက်သွားခဲ့ပေမယ့် အပျော်စီးသင်္ဘောပေါ်မှာ ရှိနေသူ ၁၈၀ စလုံး ဘေးကင်းကြောင်း အရာရှိတွေက ပြောပါတယ်။
American Cruise Lines ကုမ္ပဏီက ပြေးဆွဲနေတဲ့ မြစ်ကြောင်းသွား သင်္ဘောငယ် The American Heritage ကို မစ္စစပီမြစ်ထဲမှာ ဆိုက်ကပ်ရပ်တန့်ထားတာ နှစ်နာရီလောက်ကြာတဲ့အချိန်မှာ Atlantic Asphalt ရေနံတင်သင်္ဘောက ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
နေ့လယ် ၁၂ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့တဲ့ သင်္ဘော တိုက်မိတဲ့အချိန်မှာ ခရီးသည်တွေ သင်္ဘောပေါ်က ဆင်းနေချိန် ဖြစ်တာကြောင့် သေဆုံးသူ တစ်ယောက်မှာ မရှိခဲ့ပါဘူး။
ဒါက ဖြစ်ရပ်ဆန်း တစ်ခုပါ၊ မစ္စစပီမြစ်က သေးငယ်တဲ့ ဖြစ်ရပ်ဆန်း တစ်ခုပါလို့ လူဝီစီးယားနား အုပ်ချုပ်ရေးမှူး ဂျက်ဖ် လန်ဒရီက သတင်းထောက်တွေကို ပြောပါတယ်။
ခရီးသည် သုံးပုံနှစ်ပုံကို ဆေးကုသဖို့ ဆေးရုံတင်ခဲ့ရ ပေမယ့် ကြီးကြီးမားမား ဒဏ်ရာရရှိသူ တစ်ယောက်မှ မရှိဘူးလို့ နယူးအော်လန်း မြို့တော်ဝန် ဟီလီနာ မိုရီနိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆေးရုံတင်ထားရသူတွေထဲမှာ ဘေးကင်းရာ ရွှေ့ပြောင်းဖို့ ကူညီပေးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ဦးလည်း ပါဝင်တယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။
အပျော်စီး သင်္ဘောပေါ်မှာ လူ ၁၈၀ ကနေ ၁၉၀ ကြားရှိနေခဲ့တာ ဖြစ်တယ်လို့ မြို့တော်ဝန် မိုရီနိုက ပြောပါတယ်။
American Cruise Lines ကုမ္ပဏီက အဲဒီ ဖြစ်ရပ်ကို အတည်ပြုထားပြီး ဧည့်သည်တွေနဲ့ အမှုထမ်းတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရကာ ပါဝင်ခဲ့သူတိုင်း အတွက် မိမိတို့ အများကြီး စိုးရိမ်မိကြောင်း ကြေညာပါတယ်။
နောက်ပိုင်း ကြေညာချက်တစ်ရပ်မှာ ကုမ္ပဏီက သင်္ဘောပေါ်က လူဆိုင်းကို ဟိုတယ်တွေမှာ နေရာ ချထားပေးပြီး သူတို့ လိုအပ်တဲ့ အရာရာ ရရှိအောင် ဆောင်ရွက်ပေးထားတယ်လို့ ဖော်ပြထားပါတယ်။
ဆိုက်ကပ် ရပ်နားထားတာ နှစ်နာရီလောက် ကြာနေပြီ ဖြစ်တဲ့ မြစ်ကြောင်း အပျော်စီးသင်္ဘောကို ရေနံတင် သင်္ဘောက ဘာကြောင့် ဝင်တိုက်မိတာလဲ ဆိုတာကို ရှင်းရှင်းလင်း မသိရသေးပါဘူး။
ရေနံတင် သင်္ဘော ဝင်တိုက်မှုကြောင့် တိမ်းမှောက်သွားတဲ့ အပျော်စီး သင်္ဘောကို ဆွဲသင်္ဘော တစ်စီးနဲ့ ပြန်တည့်မတ်ပြီး တည်ငြိမ်အောင် လုပ်ပေးထားပါတယ်။
သင်္ဘော မမှောက်ခင် သင်္ဘောပေါ်က လူ ၈၇ ဦးကို ရှေးဦး ကယ်ဆယ်ရေး သမားတွေက ဘေးကင်းရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အုပ်ချုပ်ရေးမှူး လန်ဒရီကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး သူ့ရဲ့ ဦးဆောင်မှုကို ချီးကျူးထားပါတယ်။
မစ္စစပီမြစ်ထဲ သင်္ဘော တိုက်မိမှု ဖြစ်ပွားခဲ့နေရာ အနီးမှာ ရေယာဉ်များ သွားလာမှုကို ပိတ်ထားပါတယ်။
အမေရိကန် ကမ်းခြေစောင့်တပ်နဲ့ အမျိုးသား ပို့ဆောင်ရေး ဘေးကင်းရေး ဘုတ် အဖွဲ့တို့က အဲဒီ သင်္ဘော တိုက်မိမှုကို စတင် စုံစမ်း စစ်ဆေးနေပြီ ဖြစ်ပါတယ်။
Ref:AFP

