ဝါရှင်တန်၊ တီဟီရန်၊ ဇွန် ၁၅
ဇွန် ၁၉ ရက် ဆွစ်ဇာလန်နိုင်ငံမှာ လက်မှတ်ရေးထိုးမယ့် ငြိမ်းချမ်းရေးအတွက် မူဘောင်ဆိုင်ရာ သဘောတူညီမှု တစ်ရပ်ကို အမေရိကန်နဲ့ အီရန်တို့ ကြေညာလိုက်ပါတယ်။
အဲဒီ ကြေညာချက် ထွက်ပေါ်လာပြီးနောက် ရေနံဈေး ကျသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က သဘောတူညီမှု လက်မှတ်ရေးထိုးပြီးတာနဲ့ ရေနံတွေ စီးဆင်းတော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်နဲ့ သဘောတူညီမှု ရယူထားကြောင်း အီရန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုထားပြီး အီရန် ထိပ်တန်း ဗိုလ်ချုပ်ကတော့ သူတို့ နိုင်ငံအတွက် အောင်ပွဲရတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
လက်ဘနွန်အပါအဝင် ရှေ့တန်း မျက်နှာစာ အားလုံးမှာ စစ်ဆင်ရေးတွေ ရပ်တန့်မှာ ဖြစ်တယ်ဆိုတဲ့ အချက်ပါဝင်တဲ့ အဲဒီ သဘောတူညီမှုကို ပါကစ္စတန်ဝန်ကြီးချုပ်က ပထမဆုံး ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့အစ္စရေးတို့က အီရန်ကို စတင် တိုက်ခိုက်ခဲ့ပြီး စစ်ပွဲ စတင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ပွဲ ဖြစ်ပြီးနောက်ပိုင်း အီရန်က ကမ္ဘာ့လောင်စာ စီးဆင်းမှု အသက်သွေးကြော တစ်ခု ဖြစ်တဲ့ ဟောမု့ဇ် ရေလက်ကြားကို ထိန်းချုပ်ထားလိုက်တာကြောင့် ကမ္ဘာတဝှမ်း လောင်စာ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် အီရန်ကဒေသတွင်းရှိ အမေရိကန် စစ်အခြေစိုက် စခန်းတွေ လက်ခံထားရာ နိုင်ငံတွေကို တိုက်ခိုက်ခဲ့ပါတယ်။
အခုလမှာ အသက် ၈၀ ပြည့်တဲ့ ထရန့်အတွက် အောင်မြင်မှု တစ်ခုလို့ ဆိုရမှာ ဖြစ်ပေမယ့် အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ တပ်မှူးကတော့ ဒီသဘောတူညီမှုဟာ အီရန်အတွက် အောင်ပွဲ ဖြစ်တယ်လို့ နိုင်ငံပိုင် မီဒီယာကတဆင့် တုံ့ပြန်ပါတယ်။
လောလောဆယ် လက်မှတ်ရေးထိုးမယ့် သဘောတူညီမှုကို အမေရိကန်နဲ့ အီရန်တို့က နားလည်မှု စာချွန်လွှာလို့ပဲ ပြောဆိုထားပြီး လက်ဘနွန်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေလည်း အဆုံးသတ်ပေးရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီသဘောတူညီမှုမှာ လက်ဘနွန်ရှိ ဟစ်ဇဘိုလာအဖွဲ့နဲ့ အစ္စရေးတို့ ပါဝင် လက်မှတ်ထိုးမှာ မဟုတ်ဘူးလို့ ကနဦး သိရပါတယ်။
အီရန်က သန့်စင်ထားပြီး ဖြစ်တဲ့ ယူရေနီယံတွေကို သိမ်းယူမှာ ဖြစ်တယ်လို့ ထရန့်က ပြောထားပေမယ့် သဘောတူညီချက် အသေးစိတ်ကို အပြီးသတ်ဖို့ လိုနေသေးတယ်လို့ တီဟီရန်က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဘေရွတ်မြို့တောင်ပိုင်းကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီး အဲဒီ တိုက်ခိုက်မှု မဖြစ်ခဲ့သင့်ဘူးလို့ ထရန့်က ပြောထားပါတယ်။
အစ္စရေးက လက်ဘနွန်ရှိ ဟစ်ဇဘိုလာ အဖွဲ့ကို တိုက်ခိုက်မှုကြောင့် အမေရိကန်နဲ့ အီရန် ဆွေးနွေးညှိနှိုင်းမှုတွေကို အဆင်မပြေ ဖြစ်စေခဲ့တာပါ။
အစ္စရေးက ဟစ်ဇဘိုလာ အဖွဲ့ လက်နက်ဖြုတ်သိမ်းရေး တောင်းဆိုထားပြီး ဘက်အားလုံးကြား ပါကစ္စတန်က ကြားဝင် ညှိနှိုင်းပေးခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီ ခေါင်းဆောင်တွေက အဲဒီ ကြေညာချက်ကို ကြိုဆိုထား ပါတယ်။
အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးရမယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြထားပါတယ်။
Ref:BBC

