မော်လမြိုင် ၊ ဇွန် ၁၃

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့ သတင်းသမားတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ဆို့ဖို့အတွက် ဖိနှိပ်မှုနည်းဗျူဟာတွေကို စနစ်တကျ ပြောင်းလဲအသုံးချခဲ့တယ်လို့ အသံအဖွဲ့က ဇွန် ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစကာလမှာ လမ်းမပေါ်က ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းတာ၊ သတင်းထောက်တွေကို ဗြောင်ကျကျ ဖမ်းဆီးတာနဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) လို ဥပဒေတွေကို လက်နက်သဖွယ် အသုံးချတဲ့ မြေပြင်ဖိနှိပ်မှုတွေကို အဓိကလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာတော့ တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်း၊ မကွေးနဲ့ ရခိုင်ဒေသတွေကို အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ရေရှည်ဖြတ်တောက်တာ၊ VPN သုံးစွဲမှုကို တားမြစ်ဖမ်းဆီးတာ၊ Whitelist စနစ်နဲ့ ဒစ်ဂျစ်တယ်ဆင်ဆာဖြတ်တာတွေလည်း လုပ်ခဲ့ပါတယ်။

၂၀၂၅-၂၀၂၆ အတုအယောင်ရွေးကောက်ပွဲ ကာလအတွင်း ကန့်သတ်ချက်ဥပဒေတွေအထိ ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ကို ပိုမိုပြင်းထန်စွာ အသွင်ပြောင်း အသုံးပြုလာခဲ့တာဟာ သတင်းအမှောင်ချခြင်းရဲ့ ပန်းတိုင်လို့ အသံအဖွဲ့က ဆိုပါတယ်။

ဒေသခံပြည်သူတစ်ဦးက အာဏာသိမ်းချိန်ကနေ လက်ရှိ စစ်အစိုးရအထိ အင်တာနက်လိုင်းသုံးစွဲမှုနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေမှာ ကန့်သတ်ပိတ်ပင်ခံနေရဆဲဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“၂၀၂၁ ကနေ အခုချိန်ထိပေါ့နော်။ ဒီအချိန်ထိမှာ အွန်လိုင်းနဲ့ ပတ်သက်လာရင် ၇၀ ရာခိုင်နှုန်းလောက် ပြောပိုင်ခွင့်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ နံပါတ်တစ်အချက်အနေနဲ့ လိုင်းဖွင့်တာ VPN ခံရတယ်။ နံပါတ်နှစ် အချက်အနေနဲ့ ကိုယ့်ရဲ့ လွတ်လပ်ခွင့် တစ်ယောက်နဲ့တစ်ယောက် နိုင်ငံရေးအကြောင်းပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ပြောတဲ့အခါကျ ဘယ်လိုမှ အဆင်မပြေဘူး၊ အဲဒီလိုမျိုးပေါ့။ ပြောတဲ့အခါကျရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပိုင်ခွင့် မရှိဘူးပေါ့၊ အဲဒီလိုမျိုး ဖြစ်နေတာ”လို့ ဆိုပါတယ်။

စစ်တပ်အနေနနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချေမှုန်းဖို့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ဒစ်ဂျစ်တယ်ထိန်းချုပ်မှုယန္တရားနှစ်ခုကို ခွဲခြားလို့မရအောင် တစ်ပြိုင်နက်တည်း ပေါင်းစပ်အသုံးပြုနေတယ်လို့ ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်း အသံအဖွဲ့ကနေ ထုတ်ဝေခဲ့တဲ့ သုတေသနစာတမ်းတွေကို အခြေခံပြီး အခုလို ဖော်ပြပါတယ်။

သတင်းစီးဆင်းမှုကို ရပ်တန့်ဖို့ မြေပြင်မှာ မီးရှို့သတ်ဖြတ်တာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ သတင်းထောက်တွေကို အသက်အန္တရာယ်ခြိမ်းခြောက်တာ၊ သတင်းဌာနတွေကို ဝင်ရောက်စီးနင်းသလိုမျိုး အွန်လိုင်းမှာလည်း နည်းပညာနဲ့ လိုက်လံပိတ်ဆို့ ဖမ်းဆီးတာ ဖြစ်ပါတယ်။

CCTV ကင်မရာတွေ PSMS စနစ်နဲ့ Biometric Data တွေကို ပေါင်းစပ်ပြီး ပြည်သူတွေကို အချိန်ပြည့်စောင့်ကြည့်တာ၊ ပဋိပက္ခဒေသတွေမှာ သတင်းအမှောင်ချဖို့ အင်တာနက်လိုင်းတွေ လုံးဝဖြတ်တောက်တာနဲ့ လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေကို စစ်ဆေးကာ VPN တွေ့ရှိရင် ဖမ်းဆီးအရေးယူ ငွေညှစ်တာတွေလည်း ပြုလုပ်ခဲ့တာပါ။

ဒီအပေါ် ပစ်မှတ်ထားခံရတဲ့ လူအုပ်စုတွေထဲမှာတော့ သတင်းထောက်တွေနဲ့ CJ တွေ CDM ဝန်ထမ်းတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ သာမန်ပြည်သူတွေနဲ့ အွန်လိုင်းအသုံးပြုသူတွေ ဖြစ်ကြတယ်လို့ အသံအဖွဲ့ရဲ့ အချက်အလက်တွေကနေ သိရပါတယ်။

စစ်တပ်အနေနဲ့ ၅ နှစ်တာအတွင်း ရုပ်ပိုင်းဆိုင်ရာနဲ့ ဒစ်ဂျစ်တယ်ယန္တရားတွေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို စနစ်တကျ ချေမှုန်းခဲ့ကြတာဟာ ရွေးကောက်ပွဲအတွက် နိုင်ငံရေးအတိုက်အခံနဲ့ လွတ်လပ်တဲ့ အသံတွေကို အပြတ်ရှင်းဖို့ ကြိုတင်စီစဉ်ထားတဲ့ လုပ်ရပ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.