မော်လမြိုင် ၊ ဧပြီ ၂၈
မွန်ပြည်နယ်မှာ ရာသီပေါ် နှစ်ရှည်သစ်သီးဝလံတွေဟာ စက်သုံးဆီ အခက်အခဲနဲ့အတူ ရေမသွင်းနိုင်တာကြောင့် အဆုံးအရှုံးများနေတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရာသီပေါ် နှစ်ရှည်သစ်သီးဝလံတွေဟာ ရင့်မှည့်ချိန် ကာလဖြစ်တာနဲ့အတူ ရာသီဥတု ပူပြင်းမှုကြောင့် ရေသွင်းဖို့ လိုအပ် နေချိန်မှာ သစ်သီးဝလံ စိုက်ပျိုးသူတွေကို စက်သုံးဆီ သီးခြား ရောင်းချပေးတာ မရှိတဲ့အတွက် ရေသွင်းဖို့ အခက်အခဲ ရှိနေတာပါ။
ရေမသွင်းနိုင်တဲ့အတွက် ဒူးရင်းသီးတွေဟာ အချိန်မတိုင်ခင် ကြွေကျတာ၊ မင်းကွတ်သီးတွေကလည်း အပူရှပ်ပြီး ကြွေကျတာ အပြင် ကြက်မောက်သီးတွေလည်း ရေမနိုင်တဲ့အတွက် အက်ကွဲပြီး ကြွေကျတာတွေ ရှိတာကြောင့် ဆုံးရှုံးမှုတွေနဲ့ ကြုံနေရတာပါ။
သစ်သီးဝလံ စိုက်ပျိုး တစ်ဦးကတော့ စက်သုံးဆီတွေကို ဥယျာဉ်ခြံ သမားတွေအတွက် သီးခြား ရောင်းချပေးတာ မရှိတာကြောင့် အသီးအနှံတွေ ပျက်စီးကာ အထွက်နှုန်း လျော့ကျပြီး အပျက်အစီး များနေတယ်လို့ ပြောပါတယ်။
လတ်တလောမှာ သစ်သီးဝလံတွေ ပျက်စီး ဆုံးရှုံးမှု နည်းအောင် အချိန်မီ ရေသွင်းနိုင်ဖို့အတွက် စက်သုံးဆီတွေကို ပြင်ပ ပေါက်ဈေးနဲ့ ဝယ်ယူနေရတာကြောင့် ကုန်ကျစရိတ် ပိုမိုကုန်ကျနေတယ်လို့ ဆိုပါတယ်။
ဒေသတွင်းမှာတော့ သစ်သီးဝလံ စိုက်ပျိုးသူတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ လောင်စာပြဿနာ၊ ဓာတ်မြေဩဇာ ဈေးနှုန်း မြင့်တက်နေတာ၊ လုပ်သား ရှားပါးတဲ့ အတွက် အရင်ကထက် လုပ်အားခ တိုးပေးပြီး ခေါ်ယူရတာ၊ သယ်ယူပို့ဆောင်ရေး စရိတ်ကြီးမြင့်မှုဒဏ်တွေကိုပါ ခံနေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် သစ်သီးဝလံတွေဟာ အထွေထွေ ကုန်ကျ စရိတ် ကြီးမြင့်မှုနဲ့ အတူ ဈေးနှုန်း မြင့်တက်လာတာကြောင့် စားသုံးသူတွေအနေနဲ့ အရင်လို မဝယ်ယူနိုင်တော့တဲ့အတွက် ဆုံးရှုံးမှုတွေ ကြုံတွေ့ နေရတာပါ။
မွန်ပြည်နယ်မှာတော့ ဥယျာဉ်ခြံ သစ်သီးဝလံ စိုက်ပျိုးမှုအနေနဲ့ နှစ်ရှည် သီးနှံတွေ ဖြစ်တဲ့ ဒူးရင်း၊ ကြက်မောက်၊ မင်းကွတ်နဲ့ ကျွဲကောတွေကို အဓိက စိုက်ပျိုးကြပြီး သီးနှံအနေနဲ့ ရာသီပေါ် ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးမှု ရှိတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

