နေပြည်တော် ၊ ဧပြီ ၂၈
အာဏာသိမ်း စစ်တပ်ရဲ့ အရပ်သားအသွင်ပြောင်း စစ်အစိုးရနဲ့ အိမ်နီးချင်း တရုတ်အစိုးရတို့ကြား နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးတက်ကောင်းမွန်အောင် အရှိန်မြှင့်မယ်လို့ နှစ်ဘက်က သတင်းထုတ်ပြန်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ဧပြီ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်ပြီး သမ္မတတာဝန်ယူထားတဲ့ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုအတွင်း နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တွေအကြား ဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရေးကို တွန်းအားပေးဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် နယ်စပ်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ ကျားဖြန့်တိုက်ဖျက်ရေး၊ လျှပ်စစ်ဓာတ်အားနဲ့ အခြေခံအဆောက်အဦ၊ စွမ်းအင်နဲ့ သတ္တု၊ စိုက်ပျိုးရေးနဲ့ နည်းပညာကဏ္ဍတွေမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားဖို့ ပါဝင်ပါတယ်။
ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံနယ်နိမိတ်အတွင်း တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် ဘယ်လုပ်ရပ်ကိုမှ ခွင့်ပြုမှာ မဟုတ်သလို တရုတ်နိုင်ငံသားတွေ အဖွဲ့အစည်းနဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးအတွက် အစီအမံတွေ ချမှတ်လုပ်ဆောင်မယ်လို့ ပြောထားတာပါ။
ဝမ်ယိကလည်း နှစ်နိုင်ငံအကြား ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စရပ်တွေကို အရှိန်အဟုန်မြှင့် ဆက်လုပ်သွားမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီပြီး လူထုရဲ့ ထောက်ခံမှုကို ရရှိနိုင်တဲ့ အောင်မြင်မှုလမ်းကြောင်းကို ချီတက်ဖို့ အားပေးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံအပေါ် ဆက်လက်ထောက်ခံ ရပ်တည်ပေးသွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ အာဆီယံနဲ့ ကောင်းမွန်တဲ့ အပြန်အလှန်ဆက်ဆံမှုတွေ တိုးတက်စေဖို့ ကူညီပေးသွားမယ်လို့ ပြောပါတယ်။
တစ်ဘက်မှာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်စောင့်ရှောက်ဖို့ အပါအဝင် ငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြန်လည်သင့်မြတ်ရေးနဲ့ လူမှုသဟဇာတဖြစ်ရေးတို့ကို ဖော်ဆောင်နိုင်ဖို့ ထောက်ခံအားပေးသွားမယ်လို့ ဝမ်ယိက ပြောကြားခဲ့တာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က တရုတ်အစိုးရအနေနဲ့ အမျိုးသားအကျိုးစီးပွားအတွက် မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်တပ်ရဲ့ အယောင်ပြငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ် တွန်းပို့လာမယ့် အနေအထားလို့ သုံးသပ်ပါတယ်။
“တရုတ်က သူတို့ အမျိုးသားအကျိုးစီးပွား အလုပ်လုပ်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို တဖွဲ့ချင်း တဖွဲ့ချင်း စစ်တပ်နဲ့ စကားပြောခိုင်းတဲ့ အနေအထား။ နောက်ပိုင်း စစ်တပ်ရဲ့ အယောင်ပြငြိမ်းချမ်းရေးစားပွဲဝိုင်းအထိကို တွန်းပို့လာမယ့် အနေအထားမျိုး သွားတွေ့ရတယ်။ အဲဒီ ငြိမ်းချမ်းရေးစကားပြောကြပြီဆိုရင် လက်ရှိ အနည်းဆုံး အပစ်ရပ်အဆင့်ပါမယ်။ အပစ်ရပ်ပြီးရင်တောင်မှပဲ အခြားအဖွဲ့တွေကို လက်နက်မထောက်ပံ့ရဘူးတို့ ဘာတို့တွေ ဖြစ်လာမယ့် အနေအထားမျိုးပေါ့”လို့ ဆိုပါတယ်။
တရုတ်အစိုးရအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကြား နယ်စပ်တည်ငြိမ်ရေးအကြောင်းပြချက်နဲ့ ကြားဝင်ညှိနှိုင်းမှုတွေ လုပ်ပြီး မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်လာတာပါ။
ဒါကြောင့်လည်း ၁၀၂၇ စစ်ဆင်ရေးဟာ ဒုတိယပိုင်းအပြီး တခန်းရပ်ခဲ့ရသလို စစ်ဆင်ရေးကို ဦးဆောင်ခဲ့ကြတဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ကလည်း တရုတ်အစိုးရရဲ့ ဖိအားကြောင့် နွေဦးတော်လှန်ရေးမှာ ပါဝင်မှုကို အဆုံးသတ်ခဲ့ရပါတယ်။
လက်ရှိမှာ အာဏာသိမ်း စစ်တပ်ရဲ့ အရပ်သားအသွင်ပြောင်းအစိုးရအဖြစ် ပုံဖော်ဖို့ ကြိုးပမ်းမှုမှာ နိုင်ငံတကာနဲ့ အာဆီယံရဲ့ အသိအမှတ်ပြုမှုရရှိရေးနဲ့ အဲဒီအဝန်းအဝိုင်းဆီ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ကြိုးပမ်းလာနေတာပါ။
ဒီအတွက် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က အပစ်ရပ်ထိုးနဲ့ အပစ်ရပ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး ဖြစ်ပါတယ်။
ဒါဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်တဲ့နေရာမှာလည်း တည်ငြိမ်ရေးလိုအပ်တာကြောင့် ငြိမ်းချမ်းရေးအယောင်ပြပြီး တစ်ဘက်မှာ တော်လှန်ရေးအင်အားစုတွေကို ချိနဲ့အောင် လုပ်မယ့် အနေအထားမျိုးလို့ CDM ဗိုလ်ကြီး ဇင်ယော်က ထောက်ပြပါတယ်။
“တော်လှန်ရေးလက်နက်ကိုင်အင်အားစုကို ချိနဲ့သွားအောင် ပျက်သုန်းသွားသည်အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာမယ့် အနေအထားမျိုးပါပဲ။ အဓိကတော့ ERO တွေဘက်က လက်နက်ခဲယမ်းတွေကို ဖြတ်တောက်ပြီးခါမှ နွေဦးတော်လှန်ရေးကို ချီပြီး သုတ်ပြီး စစ်ရေးနည်းနဲ့ ရိုက်လိုတဲ့ အနေအထားမျိုးပေါ့။ အခြားနိုင်ငံရေးနည်းနဲ့လည်း လုပ်လာနိုင်တဲ့ အနေအထားပဲ။ အဓိကတော့ နွေဦးတော်လှန်ရေးကို တရုတ်က သူ့စီးပွားရေးကို ဗန်းပြပြီးခါမှ ချီပြီး သုတ်ပြီး စစ်တပ်ကို ရိုက်တော့ဆိုပြီး တုတ်ပေးမယ့် အနေအထားမျိုးလို့ ကျွန်တော်တော့ သုံးသပ်ပါတယ်ဗျ”လို့ ဆိုပါတယ်။
ISP – Myanmar ရဲ့ အချက်အလက်တွေအရ တရုတ်-မြန်မာစီးပွားရေးစင်္ကြံဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ကူမင်းမြို့နဲ့ မြန်မာနိုင်ငံရှိ စီးပွားရေးအရ အချက်အခြာကျတဲ့ မူဆယ်၊ မန္တလေး၊ ရန်ကုန်နဲ့ ကျောက်ဖြူမြို့တို့ကို ချိတ်ဆက်ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။
စင်္ကြံလမ်းမတလျောက်မှာ အထူးစီးပွားရေးဇုန်တွေ၊ ဆိပ်ကမ်းတွေ၊ အဆင့်မြင့်နယ်စပ်ဂိတ်တွေ၊ ကုန်လှောင်ရုံတွေ၊ ကုန်လမ်းရော ရေလမ်းပါ နှစ်ခုစလုံးကို အသုံးပြုပြီး ကုန်စည်ကူးသန်းနိုင်မယ့် လမ်းကြောင်းတွေ ဖြစ်ပေါ်လာစေဖို့ အကောင်အထည်ဖော်သွားမယ့် စီမံကိန်းတွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် စီးပွားရေးစင်္ကြံမှာ ပါဝင်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ဟာ တရုတ်နိုင်ငံကို အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ပေးမယ့် ဒေသတွင်းမဟာဗျူဟာကျတဲ့ စီမံကိန်းတစ်ခု ဖြစ်တယ်လို့ ISP – Myanmar ကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

