ဝါရှင်တန်၊ ဧပြီ ၁၁
ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းလိုတဲ့ ရေနံတင်သင်္ဘောတွေ ဖြတ်သန်းခွင့်ရရှိရေး အတွက် အီရန်ကို ငွေမပေးကြဖို့ ကမ္ဘာ့ရေနံတင် သင်္ဘော အုပ်စုက အကြံပြုထားပါတယ်။
ဧပြီ ၇ ရက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပေမယ့် အဲဒီ ရေလမ်းကြောင်းကို ဖြတ်သန်းခွင့် ရယူဖို့ ထပ်မံ ပျက်ကွက်ခဲ့ပါတယ်။
အဲဒီ သဘောတူညီမှုမှာ ရေလက်ကြားဖြတ်သန်းခွင့် ပါဝင်မယ်လို့ ယူဆထားခဲ့ပေမယ့် အီရန်က သင်္ဘောတွေအနေနဲ့ သူတို့ရဲ့ ခွင့်ပြုချက် ရယူရမှာ ဖြစ်ကြောင်းနဲ့ မရယူရင် ပစ်မှတ်ထား ဖျက်ဆီးခံရဦးမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ရေလက်ကြားက ဘေးကင်းစွာ ဖြတ်သန်းရေး အဖိုးအခ ပေးရမှာ ဖြစ်တယ်လို့လည်း အီရန်က ပြောထားပါတယ်။
ဖြတ်သန်းခ ငွေပေးတာဟာ မှန်ကန်တဲ့ နည်းလမ်း ဖြစ်တယ်လို့ မိမိတို့အနေနဲ့ မယုံကြည်ကြောင်း ရေနံတင်သင်္ဘောတွေကို ကိုယ်စားပြုတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ Intertanko အရာရှိ ဖီးလစ် ဘဲလ်ချာက ပြောပါတယ်။
အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်က အီရန် ကိုယ်စားလှယ်တွေနဲ့ ဧပြီ ၁၁ ရက် ပါကစ္စတန် နိုင်ငံ အစ္စလာမ် မာဘက်မြို့မှာ တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အသေးစိတ်ကို ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး အရေးကြီးတဲ့ သင်္ဘောလမ်းကြောင်းနဲ့ ပတ်သက်လို့ သဘောတူညီမှု ရဖို့ ရှေ့မဆက်နိုင် ဖြစ်နေပြီးနောက် အပစ်ရပ် သဘောတူညီမှုဟာ အချဉ်းအနှီး ဖြစ်သွားပုံရပါတယ်။
အမှီအခိုကင်းတဲ့ ရေနံတင်သင်္ဘော လုပ်ငန်း ၁၉၀ နဲ့ ကမ္ဘာ့ရေနံတင် သင်္ဘော အုပ်စုရဲ့ ထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့ Intertankoအုပ်စုက ဘယ်အချိန်မဆို တိုက်ခိုက်ခံရနိုင်တာကြောင့် အဲဒီ ရေလက်ကြားကို အသုံးမပြုရေး အဖွဲ့ဝင်တွေကို အကြံပြုထားဆဲ ဖြစ်ပါတယ်။
သင်္ဘောတွေကို တိုက်ခိုက်မှု ရပ်တန့်ပြီး ပဋိပက္ခ ရေရှည် ရပ်ဆိုင်းတော့မှ ရေလက်ကြား ဘေးကင်းပြီလို့ မိမိတို့ ယူဆမှာ ဖြစ်ကြောင်း ဖီးလစ် ဘဲလ်ချာက ပြောပါတယ်။
ရေလက်ကြား ဖြတ်သန်းခ ကောက်ခံတာဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ဆန့်ကျင်နေပြီး နိုင်ငံတကာ ရေလမ်းကြောင်းတွေကို လွတ်လပ်စွာ ဖြတ်သန်းခွင့် ရှိရမှာ ဖြစ်ကြောင်း ဖီးလစ် ဘဲလ်ချာက တုံ့ပြန်ပါတယ်။
လက်ရှိ အချိန်မှာ ဟောမု့ဇ် ရေလက်ကြားဟာ အီရန် စစ်တပ်ရဲ့ အကြွင်းမဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိနေတယ်လို့လည်း သူက ပြောပါတယ်။
အီရန်က သင်္ဘော တစ်စီး ဖြတ်သန်းခကို ဒေါ်လာ ၂ သန်း ကောက်ခံဖို့ စီစဉ်ထားပြီး အိုမန်နဲ့ ခွဲဝေယူဖို့ စီစဉ်နေတယ်လို့ မီဒီယာ တချို့က ဖော်ပြထားပါတယ်။
ဟောမု့ဇ် ရေလက်ကြားဟာ အီရန်နဲ့ အိုမန်ကြားမှာ တည်ရှိတာ ဖြစ်ပြီး ကမ္ဘာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ငါးပုံ တစ်ပုံ ဖြတ်သန်းနေတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။
ယခုသီတင်းပတ် စောစောပိုင်းမှာ သမ္မတ ထရန့်က အမေရိကန်နဲ့ အီရန် ပူးပေါင်းပြီး သင်္ဘောတွေ ဖြတ်သန်းခ ကောက်ခံနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
နောက်ပိုင်းမှာ ထရန့်က လေသံလျှော့သွားခဲ့ပြီး လက်ရှိမှာ ရေလက်ကြားကို အဖိုးအခ ပေးပြီး ဖြတ်သန်းနေတဲ့ သင်္ဘောတွေ အဖိုးအခ ပေးဆောင်မှု ရပ်တန့်သင့်တယ်လို့ ပြောဆိုခဲ့ ပါတယ်။
Ref:BBC

