ဆန်ဖရန်ဆစ္စကို၊ ဧပြီ ၁၁
Artemis II အာကာသခရီးစဉ်နဲ့ ၉ ရက်ကြာ ခရီးနှင်ခဲ့တဲ့ အာကာသယာဉ်မှူးတွေ ကမ္ဘာမြေဆီ ဘေးကင်းစွာ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်း နာဆာက ကြေညာပါတယ်။
အာကာသယာဉ်မှူးတွေဟာ ဗြိတိန် စံတော်ချိန် ၁ နာရီ ၇ မိနစ်မှာ ပစိဖိတ်သမုဒ္ဒရာထဲဆင်းသက်ခဲ့ကြတာ ဖြစ်ပါတယ်။
မိမိတို့အနေနဲ့ အာကာသယာဉ်မှူးတွေကို လဆီ စေလွှတ်တဲ့ လုပ်ငန်း ပြန်လည် လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ နာဆာ အကြီးအကဲ ဂျာရက် အီဆက်မန်းက ကြေညာပြီး ဒါဟာ အစပဲရှိသေးတယ်လို့ ပြောပါတယ်။
အာကာသယာဉ်မှူး လေးဦးစလုံး ကျန်းမာရေး ကောင်းမွန်တယ်လို့ ဆေးဖက်ဆိုင်ရာ အရာရှိ တစ်ဦးက အတည်ပြုထားပြီး နောက်ထပ် စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ အမေရိကန် ရေတပ်သင်္ဘော တစ်စီးပေါ်သို့ လေကြောင်းကနေ ပို့ဆောင်ထားပါတယ်။
ပုံမှန်ဆိုပေမယ့် ရင်တုန်စရာ ကောင်းလောက်အောင် ဆက်သွယ်မှု ခြောက်မိနစ်ကြာ ပြတ်တောက်သွားပြီးနောက် Artemis II အာကာသယာဉ်မှူးတွေဟာ ကမ္ဘာ့လေထုထဲကို အောင်မြင်စွာ ပြန်လည် ဝင်ရောက်နိုင်ခဲ့ကြပါတယ်။
အာကာသယာဉ်ဟာ ဧပြီ ၆ ရက်က ကမ္ဘာနဲ့စံချိန်တင် အကွာအဝေးသို့ ရောက်ရှိခဲ့ပြီး လအနီးက ဖြတ်သန်းချိန်မှာ အာကာသထဲ အဝေးဆုံး ခရီးနှင်တဲ့ လူသားများအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒီကနေ့ဟာ လူသားတွေရဲ့ အာကာသ လေ့လာရေး ခေတ်သစ် တစ်ခေတ်ရဲ့ အစဖြစ်တယ်လို့ နာဆာ Orion စီမံကိန်း မန်နေဂျာ ဟောင်းဝပ် ဟူက ပြောပါတယ်။
ခရီးစဉ် အောင်မြင်မှုနဲ့ ပတ်သက်လို့ နာဆာ လက်ထောက် အုပ်ချုပ်ရေးမှူးက ဒါဟာ ကံကောင်းလို့ အောင်မြင်ခဲ့တာမျိုး မဟုတ်ဘဲ ဒီစီမံကိန်းအတွက် လူ ၁၀၀၀ အလုပ်လုပ်ခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
နာဆာ ဂျွန်ဆင် အာကာသစင်တာမှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ အရာရှိတွေက ဆိုပါတယ်။
Artemis II အာကာသခရီးစဉ်ဟာ ကမ္ဘာကြီးအတွက် လက်ဆောင်တစ်ခု ဖြစ်တယ်လို့ နာဆာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ပစိဖိတ်သမုဒ္ဒရာထဲ လေထီးတွေနဲ့ ဆင်းသက်လာတဲ့ အာကာယာဉ်မှူးတွေကို ယူအက်စ်အက်စ် ဂျွန် ပီ မာသာ သင်္ဘောပေါ်သို့ ရဟတ်ယာဉ်နဲ့ ဘေးကင်းစွာ ပို့နိုင်ခဲ့ပါတယ်။
အာကာသယာဉ်မှူး တစ်ယောက်ချင်းစီကို သွေးခုန်နှုန်း၊ သွေးပေါင်၊ဦးနှောင့်နဲ့ အာရုံကြော တုန့်ပြန်မှုတွေနဲ့ ဟန်ချက်ထိန်းညှိနိုင်မှုတို့ စစ်ဆေးခဲ့ပြီး အားလုံး အဆင်ပြေတယ်လို့ သိရပါတယ်။ အာကာသယာဉ်မှူးတွေဟာ အာကာသထဲမှာ နေအပြည့်ကြတ်တဲ့ အခြေအနေကို မျက်မြင် ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
Ref:BBC/Agencies

