တနင်္သာရီ၊ မတ် ၂၀
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စုမှာ စစ်ကော်မရှင်တပ်ရဲ့ အသေခံ ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၈ ရက် နေ့လယ် ၁၀ နာရီအချိန်ခန့်မှာ ဇဝဲကျေးရွာအခြေစိုက် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းကနေ ပဝကျေးရွာအုပ်စုရှိ ပိန်းတောကျေးရွာကို ကာမီကာဇေဒရုန်းအသေးစားတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။
စစ်ကော်မရှင်ရဲ့ ကာမီကာဇေဒရုန်းတစ်စီးဟာ ပိန်းတောကျေးရွာ နေအိမ်တစ်လုံးရှိ ကွမ်းပင်ကို ထိမှန်ပြီး ပေါက်ကွဲခဲ့တာကြောင့် အောက်မှာဆော့ကစားနေတဲ့ ဆယ်ကျော်သက်အရွယ် ကလေးငယ်သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အလားတူ အဲဒီနေ့ နေ့လယ်ပိုင်းမှာလည်း တကူကျေးရွာအလယ်ပိုင်းနဲ့ ရွာမကျေးရွာကို စစ်ကော်မရှင်တပ်က ကာမီကာဇေဒရုန်းနှစ်စီးနဲ့ တိုက်ခိုက်ခဲ့ပေမယ့် လူထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း ဇဝဲကျေးရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းကနေ အသေးစားကာမီကာဇေဒရုန်းတွေ နေ့စဉ်ရက်ဆက်ဆိုသလို ပျံတက်လာပြီး အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှု မြင့်တက်နေပါတယ်။
ခမရ ၅၅၆ တပ်ဟာ ဒရုန်းသင်တန်းသားတွေကို လေ့ကျင့်ပေးတဲ့အနေနဲ့ အခုလို ရမ်းအနည်းငယ်သာထည့်ပြီး အသေးစား ကာမီကာဇေဒရုန်းတွေနဲ့ စမ်းသပ်နေတာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် တကူကျေးရွာမှာ နာရေးအလှူလုပ်နေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က ကာမီကာဇေဒရုန်းနှစ်စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

