မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၄

လာမယ့် မွန်ပြည်နယ်အစိုးရအဖွဲ့ထဲမှာ ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး နေရာ အပြောင်းအလဲ ရှိနေမယ်လို့ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် မွန်ပြည်နယ် လွှတ်တော်အတွက် တပ်မတော်သား ကိုယ်စားလှယ် ရှစ်ဦး အမည်စာရင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကတည်းက ပေးပို့ထားပါတယ်။

စစ်ခေါင်းဆောင် ပေးပို့တဲ့ တပ်မတော်သား ကိုယ်စားလှယ် ရှစ်ဦးမှာ ဗိုလ်မှူးချုပ် အောင်ဝင်းသန်း၊ လက်ရှိ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ဗိုလ်မှူးကြီး မောင်မောင်လတ်၊ ဗိုလ်မှူး ညီဗိုလ်ဗိုလ်စိုး၊ ဗိုလ်မှူး ဒေါ်ငုဝါကြည်၊ ဗိုလ်မှူး ဒေါ်သက်သက်စိုး၊ ဗိုလ်ကြီး ဒေါ်မြင့်မြင့်နွယ်၊ ဗိုလ်ကြီး ဒေါ်သူဇာတို့ ပါဝင်ပါတယ်။

လာမယ့် မွန်ပြည်နယ်အစိုးရအဖွဲ့မှာ လက်ရှိ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်အစား ဗိုလ်မှူးကြီး မောင်မောင်လတ်ကို ခန့်အပ်သွားမယ်လို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်တွေက ပြောပါတယ်။

မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခံရမယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေက အတည်ပြုထားတဲ့ ဗိုလ်မှူးကြီး မောင်မောင်လတ်ဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ ဝါရင့် စီနီယာဗိုလ်မှူးကြီး တစ်ဦး ဖြစ်ပြီး မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် စစ်ဆင်ရေးတွေမှာ အဓိက ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး မောင်မောင်လတ်ဟာ လက်ရှိ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်ထက် တပ်မတော်မှာ စီနီယာပိုကျသူ ဖြစ်ပြီး ဗိုလ်မှူးကြီး မောင်မောင်လတ်ရဲ့ ကြည်းနံပါတ်စဉ်က ၂၄၉၂၃ ဖြစ်ကာ ဗိုလ်မှူးကြီး ကျော်စွာမြင့်ရဲ့ ကြည်းနံပါတ်စဉ်က ၂၆၈၂၉ ဖြစ်ပါတယ်။

တပ်တွင်းသတင်းရင်းမြစ်တွေက မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခံရမယ်လို့ အတည်ပြုထားတဲ့ ဗိုလ်မှူးကြီး မောင်မောင်လတ်ဟာ စစ်တပ် အာဏာမသိမ်းခင်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ ပြောခွင့်ရအဖြစ် တာဝန်ထမ်းဆောင်ဖူးပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.