ရန်ကုန် ၊ ဇန်နဝါရီ ၆
ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ် မာဒူရိုကို အမေရိကန်က ဖမ်းဆီးခေါ်ဆောင်သွားသလိုမျိုး အာ ဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ဖမ်းဆီးပေးဖို့ မြန်မာပြည်သူတွေ ဆန္ဒပြင်းပြစွာ တောင်းဆိုနေကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ Facebook စာမျက်နှာကနေ ဖော်ပြထားတဲ့ လွတ်လပ်ရေးနေ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုရဲ့ ကြေညာချက်ပိုစ့်အောက်မှာ ပြည်သူတွေက သူတို့ရဲ့ သဘောထားတွေကို အသိပေးရေးသားထားကြတာပါ။
ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ အမေရိကန်ပြည်ထောင်စုက မြန်မာပြည်သူတွေနဲ့အတူ ရှိနေပြီး ငြိမ်းချမ်းရေး တရားမျှတရေးနဲ့ သာယာဝပြောတဲ့ အနာဂတ်အတွက် မြန်မာပြည်သူတွေရဲ့ စိတ်ပိုင်းဖြတ်မှုကို ဆက်လက်ထောက်ခံသွားမယ်လို့ ပြောကြားထားတာ ဖြစ်ပါတယ်။
ဒီအပေါ် ပြည်သူတွေက မြန်မာပြည်ဟာ ဒီကနေ့အထိ မလွတ်လပ်သေးကြောင်းနဲ့ အာဏာရှင်စနစ်အောက်မှာ ကျရောက်နေတာ ဆယ်စုနှစ်များစွာ ရှိပြီး ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်ကို ဖမ်းသလို မင်းအောင်လှိုင်ကိုလည်း ဖမ်းပေးဖို့ ရေးသားထားကြတာပါ။
မြန်မာနိုင်ငံက အာဏာသိမ်းမှုနဲ့ ကျားဖြန့်လို့ ခေါ်တဲ့ အွန်လိုင်းငွေလိမ်လည်မှုကို ဦးဆောင်သူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းပေးမှ ပြည်သူတွေဘဝ လွတ်လပ်မှာဖြစ်လို့ ကျေးဇူးပြုပြီး အမြန်ဖမ်းပေးစေချင်ကြောင်း တောင်းဆိုထားကြတာ တွေ့ရပါတယ်။
ဒါ့အပြင် လူကုန်ကူးမှု၊ အွန်လိုင်းငွေလိမ်လည်မှုနဲ့ မူးယစ်ဆေးဝါးပြဿနာတွေရဲ့ အတိုင်းအတာဟာ နီကိုလပ်စ် ဦးဆောင်တဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ဖြစ်ပျက်နေတာထက် မြန်မာနိုင်ငံက ပိုမိုဆိုးရွားနေတာကြောင့် အမေရိကန်က အလားတူ အာရုံစိုက်သင့်တယ်လို့ ထောက်ပြထားတာပါ။
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က နိုင်ငံကြီးတွေရဲ့ လှုပ်ရှားမှုနောက်ကွယ်မှာ မမြင်ရနိုင်တဲ့ အကျိုးစီးပွားတွေနဲ့ ပထဝီနိုင်ငံရေးအပေါ် မူတည်ပြီး မြန်မာနိုင်ငံမှာ ဗင်နီဇွဲလားလို လုပ်ဖို့ ဖြစ်နိုင်ခြေနည်းတယ်လို့ သုံးသပ်ပါတယ်။
“ပရမ်းပတာဖြစ်နေတဲ့ အခြေအနေကို သူတို့ဝင်လာခဲ့ရင်တောင် နောက်ဆက်တွဲ တာဝန်ယူမှု တာ ဝန်ခံမှုနဲ့ ဘယ်လိုရှင်းမလဲဆိုတာ သူတို့ စဉ်းစားမှာပဲ။ နောက်ဆုံးတစ်ချက်က ကျွန်တော်တို့ နိုင်ငံရဲ့ ရှိနေတဲ့ ပထဝီအနေအထားကိုက အမေရိကန်ရဲ့ ပြိုင်ဘက် ရုရှားတို့ တရုတ်တို့လို နိုင်ငံထဲမှာမှ တရုတ်နိုင်ငံနဲ့ အနီးစပ်ဆုံးမှာ ရှိနေတယ်။ ဒါကြောင့်မို့လို့ ဒီနိုင်ငံကို ဒီလိုတပ်နဲ့ ဝင်လာပြီးတော့ လုပ်ဖို့က သူတို့က တခြားနိုင်ငံတွေလို နိုင်ငံကြီးတွေနဲ့ ဝေးတဲ့ နိုင်ငံတွေမှာ အက်ရှင်ယူသလိုမျိုး ကျွန်တော်တို့ နိုင်ငံမှာ လုပ်ဖို့ကျတော့ အများကြီးစဉ်းစားကြမှာပဲ။ ဒါကြောင့် ဖြစ်နိုင်ခြေနည်းတယ်လို့ ယူဆရတယ်။ ဒါပေမယ့် နိုင်ငံရေးဆိုတာက အရမ်းလည်းတထစ်ချ တွက်လို့ မရဘူးပေါ့။ ဖြစ်နိုင်ခြေနည်းတယ်လို့ပဲ ပြောလို့ရမယ်။မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူး”လို့ ဆိုပါတယ်။
တကယ်လို့ စစ်ခေါင်းဆောင် ဖမ်းဆီးခံရရင် စစ်တပ်ရဲ့ အင်စတီကျူးရှင်းတစ်ခုလုံးကို ဖြိုချနိုင်မှာဖြစ်ပေမယ့် အာဏာလေဟာနယ်မဖြစ်အောင် တည်ငြိမ်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခု မဖော်ဆောင်နိုင်သေးခင်အထိ အမေရိကန်က ဆက်လက်တာဝန်ယူပေးရမယ်လို့ သူက ထောက်ပြပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့က ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်က အထူးစစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ပြီး နိုင်ငံ တကာ မူးယစ်ဆေးမှောင်ခိုကူးမှုနဲ့ စွပ်စွဲခံထားရတဲ့ သမ္မတ နီကိုလပ်စ် မာဒူရိုနဲ့ ဇနီးတို့ကို အမေရိကန်ရဲ့ Delta Force တပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။
ဒီအပေါ် အာဏာရှင် ခေါင်းဆောင်တစ်ဦး ဖမ်းဆီးခံခဲ့ရမှုကို အားပေးထောက်ခံကြသူတွေ ရှိသလို နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို အမေရိကန်က ထိပါးပြီး နယ်ချဲ့ကျူးကျော်ကာ စစ်ရေးနည်းနဲ့ ဖိအားပေးတယ်ဆိုတဲ့ အမြင်မျိုးတွေနဲ့ ကန့်ကွက်ရှုတ်ချတာလည်း ရှိနေကြပါတယ်။
စစ်အာဏာရှင်အဆက်ဆက်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဆယ်စုနှစ်များစွာ ရှင်သန်နေကြရတဲ့ မြန်မာပြည်သူတွေကဟာ ဒီမိုကရေစီအင်အားကြီး နိုင်ငံတွေက အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဖမ်းပေးဖို့ အရင်ကတည်းက မျှော်လင့်တောင့်တခဲ့ကြတာပါ။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဲ့ အနှစ်သာရကို မြေစမ်းခရမ်းပျိုးတဲ့ ဆယ်စုနှစ်တစ်ခုလောက်သာ ခံစားခဲ့ကြရတဲ့ ပြည်သူတွေဟာ စစ်တပ်ရဲ့ တစ်ကျော့ပြန် အာဏာသိမ်းမှုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ ပြန်လည်တွေ့ကြုံခဲ့ရတာ ဒီကနေ့တိုင်ပါ။
အာဏာသိမ်းမှု အစောပိုင်းကာလတွေမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ် R2P ရဲ့ စည်းမျဉ်းအရ ချမှတ်ပြီး အကာအကွယ်ပေးဖို့ ပြည်သူလူထုတွေက နည်းလမ်းအမျိုးမျိုး တောင်းဆိုခဲ့ကြဖူးပေမယ့် အရာမထင်ခဲ့ပါဘူး။
ဒါကြောင့် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲတွေ နိုင်ငံအနှံ့ ကျယ်ပြန့်လာခဲ့ပြီး စစ်တပ်ကလည်း အာဏာတည်မြဲဖို့နဲ့ လက်မလွှတ်ရဖို့အရေး ပါတီစုံဒီမိုကရေစီအမည်ခံ ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ ဖြစ်လာခဲ့ပါတယ်။
ဒါဟာ တရုတ်အစိုးရက မြန်မာ့ပြဿနာကို ပြည်တွင်းရေးလို့ လူသိရှင်ကြား ထုတ်ပြောပြီး နောက် ကွယ်မှာတော့ နယ်စပ်တည်ငြိမ်းရေးအကြောင်းပြချက်နဲ့ ဝင်ရောက်စွက်ဖက်ကာ စစ်တပ်ကို ကျား ကန်ပေးထားတဲ့ အခြေအနေဖြစ်ပါတယ်။
အထူးသဖြင့် စစ်တပ်ရဲ့ အာဏာသိမ်းမှုကနေ နိုင်ငံရေးတရားဝင်မှုရဖို့ ဖော်ဆောင်တဲ့ ရွေးကောက်ပွဲဟာ သမ္မတ ရှီကျင့်ဖျင်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြားမှာ ထားရှိတဲ့ သဘောတူညီမှုလို့ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက ဒီဇင်ဘာနှောင်းပိုင်းမှာ ထုတ်ပြောခဲ့တာပါ။
မွန်ဒေသခံ ပြည်သူတစ်ဦးကတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သဘောထားတွေကို ကြည့်ရင် တကယ်လို့များ စစ်ခေါင်းဆောင် ဖမ်းဆီးခံရရင် ဗင်နီဇွဲလားနိုင်ငံနဲ့ မတူတဲ့ အခင်း အကျင်းမျိုး ဖြစ်သွားနိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။
“ပြည်သူ့ဆန္ဒက သူ့ကို (မအလ) မလိုချင်တာပဲ ရှိတယ်။ ဒီအခင်းအကျင်းကြီး ပျက်စီးသွားမှာလည်း တချို့က မလိုလားပါဘူး။ ဘာလို့လဲဆိုတော့ တကယ်လို့များ အဲဒီလိုမျိုး ဖြစ်သွားလို့ရှိရင် ကျွန်တော်တို့ နိုင်ငံက ဗင်နီဇွဲလားနဲ့ မတူတဲ့ အတိုင်းအတာတွေ ဖြစ်လာနိုင်တယ်။ကျွန်တော်တို့မှာ လက်နက် ကိုင်အဖွဲ့အစည်းတွေ များတယ်။ အဓိက နိုင်ငံတော်ကို အရင်ကလည်း သေသေချာချာ ဂဃနဏ ထိန်းချုပ်ထားနိုင်စွမ်းမရှိတဲ့ နိုင်ငံလည်း ဖြစ်တဲ့အတွက် နောက် အိမ်နီးချင်းနိုင်ငံတွေရဲ့ ကျွန်တော်တို့ နိုင်ငံအပေါ် ထားတဲ့ သဘောထားတွေနဲ့ ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံဟာ ကျွန်တော့်တစ်ဦးတည်းအမြင်ဆို ဒီထက်ဆိုးဝါးတဲ့ အခင်းအကျင်းကြီး ဖြစ်သွားမယ်လို့ ထင်တယ်”လို့ ဆိုပါတယ်။
တစ်ဘက်မှာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ အင်အားစုတွေကတော့ မြန်မာ့နိုင်ငံရေးအရွေ့ကို Regime Change လို့ ခေါ်တဲ့ အုပ်ချုပ်သူအပြောင်းအလဲမဟုတ်ဘဲ System Change လို့ခေါ်တဲ့ စနစ်အပြောင်းအလဲကို ဦးတည်နေကြတာပါ။
ဒါကြောင့် နွေဦးတော်လှန်ရေးရဲ့ တပ်ဦးဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ဒေသတွင်း၊ လူမျိုးစု နဲ့ တိုင်းရင်းသား စတဲ့ လက်နက်ကိုင်အင်အားစုတွေဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုရေစီ ပြည်ထောင်စုတည်ဆောက်မယ်လို့ ရည်မှန်းထားကြတာပါ။
အမေရိကန်ကတော့ စစ်ကော်မရှင်အနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီးမရှိ ခွင့်ပြုရေး၊ မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးရေးနဲ့ အကျပ်အတည်းတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေးမှုတွေ လုပ်ဖို့ တိုက်တွန်းထားတာပါ။
ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့အရေးဟာ အင်ဒို-ပစိဖိတ်ဒေသ တစ်ခုလုံးရဲ့ လုံခြုံရေးနဲ့ သာယာဝပြောရေးအတွက် အရေးကြီးကြောင်းကိုလည်း နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာ့လွတ်လပ်ရေးနေ့ ကြေညာချက်မှာ အလေးပေးဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Reuters

