မော်လမြိုင် ၊ ဒီဇင်ဘာ ၃

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်ဟာ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲ နီးကပ်လာချိန် စစ်မှုထမ်း တပ်သားသစ်ပေးဖို့ ဖိအားပေးနေတယ်လို့ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ အခုလအတွင်း ဖွင့်လှစ်ဖို့ရှိနေတဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၂၀ အတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းတပ်သားသစ်ပေးဖို့ ဖိအားပေးလာတာ ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးက အခုလအတွက် တစ်ရွာတစ်ယောက် မဖြစ်မနေ စစ်မှုထမ်းပေးဖို့ ဖိအားပေးထားပြီး မပေးနိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေ အရေးယူခံရမယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်မှုထမ်း မပေးနိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အရေးယူခံရမယ်ဆိုတာ သိရှိကြောင်း ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

စစ်ကော်မရှင်က စစ်မှုထမ်း တပ်သားသစ်ပေးဖို့ ဖိအားပေးလာတာကြောင့် ရပ်ကွက်တချို့မှာ လူငယ်တွေကို စစ်မှုထမ်း ဆင့်ခေါ်တာနဲ့ မဲနှိုက်ရွေးချယ်ဖို့ စီစဉ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် တချို့ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းတပ်သားသစ်အတွက် တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ကနေ သိန်း ၁၀၀ အထိ ပေးပြီး လိုက်လံဝယ်ယူမှုတွေ ရှိနေတာ ဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်ဟာ ဒေသတွင်းမှာ ဒေသန္တရအမိန့်ဖောက်ဖျက်တဲ့ လူငယ်တွေကို စစ်မှုထမ်း တပ်သားသစ် စုဆောင်းတာတွေ လုပ်ဆောင်နေပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ဟာ သူတို့ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်မှာတော့ စစ်မှုထမ်း သင်တန်းတွေကို လစဉ်အလိုက် ဖွင့်လှစ်နေပြီး သင်တန်းဆင်း တပ်သားတွေကိုတော့ ရှေ့တန်းတွေကို ချက်ချင်းပို့ဆောင်နေတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၉ အထိ ဒေသတွင်းက လူငယ် ၃၅၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.