မြဝတီ၊ နိုဝင်ဘာ ၂၈

ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံတိုက်ပွဲကြောင့် တရုတ်ကျားဖြန့်ဆိုက်ထဲက ထွက်ပြေးလာတဲ့ ကျားဖြန့်အလုပ်သမား ၇၀၀ နီးပါး ထိုင်းနယ်စပ် သောင်ရင်းမြစ်ဘေးမှာ သောင်တင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြဝတီမြို့တောင်ဘက် ထိုင်း-မြန်မာနယ်စပ်နားက မင်းလက်ပံရွာကို နိုဝင်ဘာ ၂၁ ရက်နေ့က အင် ကြင်းမြိုင် မယ်ဝါးခီးရွာကနေ စစ်ကော်မရှင်တပ် စစ်ကြောင်းထပ်မံထိုးလာခဲ့တာကြောင့် KNLA တပ်မဟာ ၆ တော်လှန်ရေးအင်အားစုတို့နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တာပါ။

ဒါ့အပြင် နိုဝင်ဘာ ၂၁ ရက်နေ့က မင်းလက်ပံရွာထဲမှာရှိတဲ့ DKBA ရဲ့ တရုတ်ကျားဖြန့်ဆိုက်ကို KNU က ဝင်ရောက်စီးနင်းခဲ့ပြီး ကျားဖြန့်အလုပ်သမားထောင်ချီ ဖမ်းဆီးရမိသလို DKBA တပ်ဖွဲ့ဝင်တွေကိုလည်း လက်နက်နဲ့အတူ ဖမ်းဆီးရမိတယ်လို့ KNU ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို ဝင်ရောက်စီးနင်းခဲ့တာကြောင့် မင်းလက်ပံရွာက DKBA လက်အောက်က တရုတ်ကျားဖြန့်ဆိုက်မှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေဟာ နိုဝင်ဘာ ၂၆ ရက်နေ့က နယ်စပ် သောင်ရင်းမြစ်နားကို ထွက်ပြေးရောက်လာရှိလာကြပြီး ထိုင်းဘက်က အဝင်မခံတာကြောင့် အဲဒီနေရာမှာပဲ နိုဝင်ဘာ ၂၇ ရက်နေ့အထိ သောင်တင်ပြီး နေထိုင်နေကြတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။

မင်းလက်ပံရွာက DKBA ကျားဖြန့်ဆိုက်ကို KNU က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် နိုဝင်ဘာ ၂၆ ရက်နေ့က ရွာထဲကို စစ်ကော်မရှင်တပ်က မင်းလက်ပံရွာအပြင် ရသေ့ဂူရွာအနောက်ဘက်ကိုလည်း လေယာဉ်နဲ့ ဗုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကော်မရှင်တပ်က မင်းလက်ပံရွာဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေခဲ့ရာ တော်လှန်ရေးအင်အားစုတို့နဲ့ တိုက်ပွဲအပြင်းအထန် ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ မြဝတီ-ဝေါ်လေလမ်းပိုင်းက တပ်စခန်းတွေကိုအားလုံးကို ပြန်လည်သိမ်းပိုက်နိုင်ရေးနဲ့ နယ်မြေပြန်စိုးမိုးနိုင်ရေးအတွက် ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး လေးကေကော်ကနေတစ်ဆင့် စစ်ကြောင်း ၃ ကြောင်းထက်မနည်း စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.