မော်လမြိုင် ၊ နိုဝင်ဘာ ၂၀

အခုနှစ်ကုန်ပိုင်းမှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲတွေကို ပျက်ပြားအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးတဲ့ စွပ်စွဲချက်နဲ့ လုပ်ဆောင်ခဲ့တွေကို ဖမ်းဆီးအမှုဖွင့်ထားသလို PDF တွေကိုပါ အမှုဖွင့်ထားတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေကို ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနေတယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ ကိုယ်ထိလက်ရောက် ထိခိုက်ဒဏ်ရာအောင် လုပ်ဆောင်ခဲ့သူ နှစ်ဦးကို ဖမ်းဆီးအမှုဖွင့်ထားသလို ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင်ခြင်းမပြုဖို့ နဲ့ ပြည်သူတွေ ဆန္ဒမဲမပေးကြဖို့ စည်းရုံးပြောဆိုခဲ့ကြတဲ့ PDF အဖွဲ့ဝင်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ဝင်တွေကိုလည်း အမှုဖွင့်ထားတာပါ။

နိုဝင်ဘာ ၁၃ ရက် ည ၁၀ နာရီကျော်မှာ ပဲခူးတိုင်း အုတ်တွင်းမြို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ရုံးအကူ အမျိုးသားတစ်ဦး နေအိမ်သို့ ဆိုင်ကယ်နဲ့ ပြန်လာချိန် မီးပွိုင့်လမ်းဆုံအရောက်မှာ အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာတဲ့ ဆိုက်ကယ်နဲ့ တိုက်မိမယ့် အခြေအနေဖြစ်ပွားခဲ့ပါတယ်။

အသက် ၄၉ နှစ်အရွယ် အမျိုးသားက လက်သီးနဲ့ ထိုးခဲ့လို့ ရုံးအကူက နာကျင်ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် တာဝန်ဝတ္တရားတွေ မထမ်းဆောင်နိုင်အောင် နာကျင်အောင် ပြုလုပ်ခဲ့သူကို မြို့မရဲစခန်းက ‌ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၄ (က) နဲ့ အမှုဖွင့်ဖမ်းဆီးခဲ့တာပါ။

နိုဝင်ဘာ ၁၄ ရက်နေ့မှာလည်း ပဲခူးတိုင်း ‌ရွှေကျင်မြို့နယ် အနောက်ဘက်‌ကျေးရွာမှာ ပြည်ခိုင်ဖြိုးပါတီက ရပ်ကျေးအမှုဆောင် အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မဲဆွယ်စည်းရုံးခြင်း မလုပ်နိုင်အောင် အသက် ၄၂ နှစ်အရွယ် အမျိုးသားက ဓားနဲ့ ခုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတွက် ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ကျူးလွန်သူကို ရွှေကျင်မြို့မရဲစခန်းက ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄ (က) နဲ့ အမှုဖွင့်ဖမ်းဆီးပြီး ထိရောက်တဲ့ ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ကော်မရှင်ကျင်းပမယ့် ရွေး‌ကောက်ပွဲကို အတုအယောင်အဖြစ် သတ်မှတ်ပြီး ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ထုတ်ပြောထားကြတာပါ။

ဒီအတွက် မကွေးတိုင်း စလင်းမြို့နယ် ပျိုးခင်းကုန်းကျေးရွာနေ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဌရဲ့ နေအိမ်ကို နိုဝင်ဘာ ၉ ရက်နေ့ ည ၁၁ နာရီခွဲမှာ PDF အဖွဲ့ဝင်အယောက် ၅၀ နီးပါး ဆိုင်ကယ်တွေနဲ့ ရောက်ရှိလာပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေမှာ မပြုလုပ်ဖို့ ခြိမ်း‌ခြောက်ပြောဆိုခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

ဒ့ါအပြင် နိုဝင်ဘာ ၁၁ ရက်မှာ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် စစ်ကုန်းကျေးရွာနေ အခြေခံပညာမူလတန်းကျောင်း ဒုတိယကျောင်းအုပ်ဆရာမကြီးရဲ့ နေအိမ်ကို PDF အဖွဲ့ဝင် ၈ ဦး ရောက်ရှိလာပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင်ခြင်းမပြုဖို့ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဒီဖြစ်စဉ်အပေါ် စစ်ကော်မရှင်က သက်ဆိုင်ရာမြို့မရဲစခန်းမှာ PDF အဖွဲ့ဝင်တွေကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၄(ခ)/ ၂၆(ခ) ၊ ပုဒ်မ ၂၄(က)/(ခ) တို့နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

အလားတူ နိုဝင်ဘာ ၁၂ ရက်နေ့မှာ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ညောင်ထောက်ကျေးရွာကို KNU နဲ့ PDF အဖွဲ့တွေ ရောက်ရှိလာပြီး ဒေသခံတွေကို ခေါ်ယူတွေ့ဆုံကာ ရွေး‌ကောက်ပွဲမှာ မဲမပေးကြဖို့ ပြောဆိုခဲ့တာကြောင့် ဘီးလင်းမြို့မရဲစခန်းက ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (ခ) နဲ့ အမှုဖွင့်ထားတာပါ။

တစ်ဘက်မှာ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ပြည်သူ့ပါတီရဲ့ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်တွေကို ဆုတ်ဖြဲဖျက်ဆီးခဲ့သူတွေကိုလည်း စုံစမ်းနေပြီး ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၄ (က) နဲ့ အမှုဖွင့်ထားပါသေးတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီကို မဲမပေးဖို့ အဲဒီပါတီက ကိုယ်စားလောင်းရဲ့ အိမ်ရှေ့မှာ အော်ဟစ်ပြောဆိုခဲ့သူ စိစစ်ဆဲ အမျိုးသားတစ်ဦးကိုလည်း အမှုဖွင့်ထားပြီး ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ရွေးကောက်ပွဲမှာ လူသေဆုံးတဲ့အထိ ပြစ်မှုကျူးလွန်ရင် သေဒဏ်ချမှတ်မယ့် ရွေးကောက်ပွဲကာကွယ်ပရေးဥပဒေကို ဇူလိုင် ၂၉ ရက်နေ့မှာ ပြဌာန်းခဲ့ပြီး အခုအချိန်မှာတော့ အဲဒီဥပဒေပါ ပုဒ်မတွေနဲ့ အမှုဖွင့်အ‌ရေးယူခံရသူ အယောက် ၁၀၀ ကျော်အထိ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.