တနင်္သာရီ၊ နိုဝင်ဘာ ၁၉

ထိုင်း မြန်မာနယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့သိမ်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၄၀၀၀ ကျော်ဟာ စားနပ်ရိက္ခာ မလုံလောက်တဲ့အပြင် ကျန်းမာရေးလည်း ထိခိုက်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မောတောင်မြို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကစလို့ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ နိုဝင်ဘာ ၁၄ ရက်နေ့မှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကော်မရှင်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေရပ်မပြန်နိုင်သေးတာပါ။

စစ်ဘေးရှောင်အရေး ကူညီနေသူတွေရဲ့ ပြောပြချက်အရ မောတောင်နယ်စပ်တိုက်ပွဲနဲ့ စစ်ကော်မရှင်ရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မောတောင်ဒေသခံ အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ၄၀၀၀ ထက်မနည်း ဘေးလွတ်ရာကို ထက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာ မောတော ဒေသခံအများအစုဟာ ထိုင်းနယ်စပ်ရှိ အလယ်ဂိတ်စခန်းအနားမှာ သွားရောက် တိမ်းရှောင်နေကြပြီး ကျန်တဲ့ ဒေသခံအများစုဟာ နီးစပ်ရာတောတောင်တွေမှာပဲ အဆင်ပြေသလို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

အလယ်ဂိတ်စခန်းနားမှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင် ၁၈၀၀ လောက်သာ စားနပ်ရိက္ခာ ဖူလုံမှုရှိနေပြီး ကျန်တဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေတဲ့ အမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်ဘက်မှာလည်း ရာသီအကူးအပြောင်းကာလ ဖြစ်တာကြောင့် စစ်ဘေးရှောင်တွေအတွက် အမိုး အကာ၊ စောင်၊ ခြင်ထောင်၊ ခြေအိပ်၊ လက်အိပ်အပြင် ဆေးဝါးနဲ့ ဓာတ်ဆားတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ ထိုင်းနယ်စပ်မှာ တိမ်းရှောင်နေတဲ့ မောတောင်စစ်ဘေးရှောင်တွေအတွက် ထိုင်းအာဏာပိုင်တွေက ယာယီအိမ်သာနဲ့ ရေချိုးခန်းတွေ ဆောက်လုပ်ပေးနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.