မော်လမြိုင် ၊ နိုဝင်ဘာ ၁၅

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီက ကိုယ်စားလှယ်လောင်းအများစု မြေပြင်ဆင်းပြီး မဲမဆွယ်ရဲကြဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်က ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကို အောက် တိုဘာ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့ထိ ရက်ပေါင်း ၆၀ မဲဆွယ်ကာလ သတ်မှတ်ပေးထားပါတယ်။

ကိုယ်စားလှယ်လောင်းတွေ မဲဆွယ် စည်းရုံးရမယ့် ရက်ကို ရက်ပေါင်း ၆၀ ခွင့်ပြုထားပေမယ့် နိုင်ငံရေးပါတီအများစု မြို့ပေါ် ရပ်ကွက်တွေမှာတောင် မဲဆွယ် စည်းရုံး လှုပ်ရှားမှု သိပ်မတွေ့ရသေးပါဘူး။

ဘီးလင်း ဒေသခံ တစ်ဦးကတော့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပါတီတွေဟာ မြို့ပေါ်မှာ လှုပ်ရှားမှု မရှိသလို နယ်တွေမှာလည်း လုံးဝ မလှုပ်ရှားတာကြောင့် ဘယ်ကိုယ်စားလှယ်လောင်း ဝင်ပြိုင်မလဲဆိုတာတောင် မသိရဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပါတီတွေရဲ့ လှုပ်ရှားမှုဆိုတဲ့ ဥစ္စာက မြို့ပေါ်မှာတော့ အသံမကြားဘူး။နယ်မှာတော့ လှုပ်ရှားမှု လုံးဝ မရှိဘူး။ ကိုယ်စားလှယ်လောင်း နာမည် စာရင်းတောင် ကျွန်တော်တို့ မသိဘူး။ဘယ်ပါတီက ဘယ်သူလည်း ဘာညာ ဆိုတာတောင် ကျွန်တော်တို့ မသိရဘူး။ ကိုယ်စားလှယ်လောင်း နာမည် ဥပမာ အမျိုး သား လွှတ်တော်က ဘယ်သူ ပြည်သူ့ လွှတ်တော်က ဘယ်သူ တိုင်းဒေသကြီး ဘယ်သူရယ်လို့တော့ ဘာမှကို ကျွန်တော်တို့ မသိရသေးဘူး”လို့ ဆိုပါတယ်။

နိုင်ငံရေး ပါတီအများစုရဲ့ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံး လှုပ်ရှားမှု မရှိတာဟာ စစ်ကော်မရှင်က သူတို့ရဲ့ လုံခြုံရေးကို တာဝန် မယူတာကြောင့် ဖြစ်နိုင်သလို တော်လှန်ရေး အင်အားစုတွေ အားကောင်းတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

မော်လမြိုင် ဒေသခံ တစ်ဦးကလည်း စစ်ကော်မရှင် အပြည့်အဝ ထိန်းချုပ်ထားတဲ့ မြို့ပေါ်မှာတောင် ပါတီတွေ လှုပ်ရှားမှုကို မတွေ့ရတော့သလို သူတို့ ပါတီဝင် အချင်းချင်းလောက်သာ အစည်းအဝေး လုပ်တာ ဆုံစည်းတာလောက်သာ တွေ့ရတော့တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပါတီကတော့ လောလောဆယ်မှာ လှုပ်ရှားမှုက မတွေ့ဘူး။လှုပ်ရှားမှု မတွေ့ဘူးဆိုတာက သူတို့ အချင်းချင်း အုပ်စု တွေလောက်ပဲ သူတို့ဘာ သူတို့ ဒီအတိုင်း မီတင် လုပ်တာတို့ တခြား သူတို့ဘာ သူတို့ ဆုံစည်းတာတို့ အဲတာတွေတော့ လုပ်နေတယ်။ အိမ်တွေကို သွားပြီးတော့ စည်းရုံးရေး လုပ်တာတို့ မီတင် လုပ်တာ ဟောပြောပွဲ လုပ်တာတို့ မရှိဘူး”လို့ ဆိုပါတယ်။

ဒေသတွင်းမှာတော့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပါတီအများစုက ကိုယ်စားလှယ်လောင်းတွေဟာ အရင်လို မြေပြင်အထိ ကွင်းဆင်းပြီး မဲမဆွယ်ရဲတော့ဘဲ အွန်လိုင်းကို အဓိက အသုံးပြုကာ မဲဆွယ်စည်းရုံးတာတွေ တွေ့နေရတာ ဖြစ်ပါတယ်။

မုဒုံ ဒေသခံ တစ်ဦးကတော့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပါတီတွေရဲ့ လှုပ်ရှားမှု အပြင် စည်းရုံးရေး ဆင်းတာတွေ လက်ရှိ ရွေးကောက်ပွဲ နီးလာတဲ့အထိ ဘာမှ မရှိနေဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လက်ရှိကတော့ ဒီဘက်မှာ ပါတီ လှုပ်ရှားမှုတွေကတော့ မစ သေးဘူး။လက်ရှိလည်း စည်းရုံးတာ ဘာညာ ဘာမှ မရှိဘူး။ စည်းရုံးရေး ဆင်းတာ ဘာမှ မရှိနေဘူး။ မထူးနေဘူး။ မတွေ့ နေရဘူး။ ပါတီ လှုပ်ရှား တာတို့ ဘာတို့ ဒါပေမယ့် အုပ်ချုပ်ရေးမှူးရုံးမှာပဲ စာရင်းပေးဖို့အတွက် မဲကို လာကြည့် ကြဖို့ အဲတာတွေတော့ နှိုးဆော် တာတော့ ရှိတာပေါ့။ကျန်တဲ့ ပါတီ လှုပ်ရှားမှုတွေ ဘာတွေ မတွေ့မိသေးဘူး”လို့ ဆိုပါတယ်။

တဖက်မှာ စစ်ကော်မရှင်ဟာ သူတို့ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ် စားလှယ်လောင်းတွေ မဲဆွယ် စည်းရုံး နိုင်ဖို့အတွက်ဆိုကာ ဒေသတွင်းမှာ လုံခြုံရေး တိုးမြှင့်ပြီး နေ့စဉ် ပိတ်ဆို့ စစ်ဆေး ရှာဖွေ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာပါ။

မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲကို တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦး အပါအဝင် နိုင်ငံရေး ပါတီ ၉ ခုက ကိုယ်စားလှယ်လောင်း ၂၅၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.