ဘားအံ၊ နိုဝင်ဘာ ၇
နှစ် ၇၀ ပြည့် ကရင်ပြည်နယ်နေ့ပွဲတော်အတွက် ဘားအံမြို့မှာ စစ်ကော်မရှင်က လုံခြုံရေးတိုးမြှင့်ပြီး ပျော်ပွဲရွှင်ပွဲတွေ ထည့်သွင်းကျင်းပနေတယ်လို့ ဘားအံဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့မှာ ကျရောက်မယ့် နှစ် ၇၀ ပြည့် ကရင်ပြည်နယ်နေ့ပွဲတော်ကို ကရင်ပြည်နယ် ဘားအံမြို့ သီရိကွင်းမှာ ကျင်းပပြုလုပ်တာဖြစ်ပြီး နိုဝင်ဘာ ၂ ရက်နေ့ကစတင်ကာ စက်ဘီးစီးပြိုင်ပွဲနဲ့ နိုဝင်ဘာ ၅ ရက်နေ့က ကရင်ဒုံးအကပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ဒုံးအသင်းတွေ စတင်ယှဉ်ပြိုင်နေကြတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်နေ့ပွဲတော်မှာ ကရင်ဒုံးအကပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲ၊ ရိုးရာလက်ဝှေ့ပွဲ၊ ဂေါက်ရိုက်ပြိုင်ပွဲ၊ လှေလှော်ပြိုင်ပွဲ စတဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပြည်နယ်နေ့ပွဲတော်ကို နိုဝင်ဘာ ၅ ရက်ကနေ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့မှာ ကျရောက်မယ့် နှစ် ၇၀ ပြည့် ကရင်ပြည်နယ်နေ့ အခမ်းအနားဖွင့်ပွဲအတွက် စစ်ကော်မရှင်က ထိပ်ပိုင်းခေါင်းဆောင်၊ ပြည်ထောင်စုဝန်ကြီးတွေတချို့နဲ့ အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့အစည်းက တာဝန်ရှိသူတွေ တက်ရောက်ဖွင့်လှစ်သွားဖို့ ရှိနေတာပါ။
လက်ရှိမှာတော့ ကရင်ပြည်နယ်နေ့ပွဲတော်အတွက် ဘားအံမြို့ရဲ့ အဝင်အထွက်နေရာတွေမှာ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ညစဉ် လုံခြုံရေးစစ်ဆေးတာတွေ၊ လှည့်ကင်းပတ်တာတွေ ပြုလုပ်နေပြီး ပြည်နယ်နေ့ပွဲတော်ကျင်းပရာ သီရိကွင်းမှာလည်း လုံခြုံရေးအင်အားတိုးမြင့်ချထားတယ်လို့ ဘားအံဒေသခံဆီကနေ သိရပါတယ်။
နှစ် ၇၀ ပြည့် ကရင်ပြည်နယ်နေ့အတွက် စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက နိုဝင်ဘာ ၆ ရက်နေ့ ရက်စွဲနဲ့ သဝဏ်လွှာ ပေးပို့ထားပါတယ်။
အဲဒီသဝဏ်လွှာထဲမှာ ကရင်တိုင်းရင်းသားတွေအနေနဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေနဲ့အတူ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေအောင်မြင်ပြီး ပြည်သူတစ်ရပ်လုံး လိုလားတောင့်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

