သရက်ချောင်း၊ နိုဝင်ဘာ ၅
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က PDF ရဲဘော် နှစ်ဦး ကျဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက နိုဝင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်နဲ့ အောက်တိုဘာလ ပထမအပတ်အတွင်း စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် သရက်ချောင်းမြို့နယ် ကျောက်လှေကားကျေးရွာနဲ့ ပဒက်ချောင်းကြီးကျေး ရွာတို့မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်နှစ်ဦးကျဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေနတ်တစ်လက်လည်း ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထားဝယ်ခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံကတော့ နှစ်ဖက်စစ်ရေး အခြေအနေကြောင့် တိုက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို အခုမှ ထုတ်ပြန်ရတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ တပ်ရင်း ၁၂၊ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ ကျောက်လှေကား၊ စော်ဖျားနဲ့မိုးရွေကုန်းကျေးရွာတို့က အိမ်ခြေ ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

