သထုံ၊ အောက်တိုဘာ ၁၀
မွန်ပြည်နယ် သထုံမြို့ လေယာဉ်ကွင်းအနီး မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်က မြို့အဝင်အထွက် နေရာတွေမှာ ပိတ်ဆို့စစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က သထုံမြို့ရှိ ဌာနဆိုင်ရာစုပေါင်းရုံး၊ ခရိုင်ရွေးကောက်ပွဲကော်မ ရှင်ရုံး၊ ထောက်ပို့တပ်နဲ့ဝန်ထမ်းအိမ်ယာတွေရှိတဲ့ လေယာဉ်ကွင်းအနီးမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။
မိုင်းပေါက်ပြီးနောက် စစ်ကော်မရှင်တပ်ဟာ ပေါ်တော်မူဘုရားအနီး(သထုံ-ဘီးလင်း)ကားလမ်း၊ မြို့သစ်(သထုံ-ဘားအံ)ကားလမ်းနဲ့ ဒူးရင်းဆိပ်တံတားတွေမှာ ပိတ်ဆို့စစ်ဆေးမှုတွေ တိုးမြှင့်ထားပါတယ်။
အဲလို စစ်ဆေးရာမှာလည်း ကား၊ဆိုင်ကယ်တွေအပြင် မှတ်ပုံတင်ကအစ စစ်ဆေးမေးမြန်းတာတွေ ရှိနေပြီး သေချာမဖြေနိုင်တဲ့ လူငယ်တွေကို ရိုက်နက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ဟာ ညပိုင်းမှာလည်း နေအိမ်တွေမှာ ဧည့်စာရင်း ဝင်စစ်တာအပြင် ကင်းလှည့်တာတွေ ပြန်လည်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သထုံမြို့နယ်ဟာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအပိုင်း ၁ မှာ ပါဝင်နေတာကြောင့် တပ်အင်အားဖြည့်တင်းတာနဲ့ လုံခြုံရေးတင်းကျပ်မှုတွေ ပိုမိုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

