မော်လမြိုင် ၊ အောက်တိုဘာ ၉

လာမယ့် ဒီဇင်ဘာမှာ အထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားတဲ့ စစ်ကော်မရှင်က လက်ရှိမှာ လက်လွှတ်ထားရတဲ့ နယ်မြေ‌တွေမှာ စစ်တပ်ရဲ့ မြေပြင်ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နဲ့ ရခိုင်အပါအဝင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ်က ဒေသတွေနဲ့ အလယ်ပိုင်းဒေသတွေမှာ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု တိုးမြှင့်လာတာပါ။

စစ်ရေးလှုပ်ရှားမှုတွေထဲမှာ လက်လွှတ်နယ်မြေတွေထဲက ဒေသတချို့မှာ အင်အားအလုံးအရင်းသုံးပြီး မြေပြင်စစ်ကြောင်းထိုးကာ စစ်ဆင်ရေးဆင်နွှဲသလို လေကြောင်းကနေလည်း နည်းမျိုးစုံသုံးပြီး ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်ရေးအခြေအနေတွေကို လေ့လာစောင့်ကြည့်နေတဲ့ CDM ဗိုလ်ကြီး ဇင်ယော်က ရွေးကောက်ပွဲကျင်းပမယ့် နယ်မြေတွေမှာ ကျည်လွတ်မြေဖြစ်အောင် ဘေးနားက နေရာတွေကိုပါ မြေပြင်နဲ့ ဝေဟင် ပေါင်းစပ်ပြီး စစ်ဆင်ရေး လုပ်တာလို့ သုံးသပ်ပါတယ်။

“သူတို့ ရွေးကောက်ပွဲလုပ်မယ့် မြို့တွေမှာ တကယ်လို့ လူမရှိခဲ့ဘူးဆိုရင် အထမမြောက်မှာစိုးတဲ့အတွက် ဘေးမြို့တွေကို လိုက်ပြီးတော့ မြေပြင်စစ်ကြောင်းတွေနဲ့ ပတ်ပြီးထိုးမယ်။ သူတို့ ရွေး ကောက်ပွဲလုပ်မယ့် နေရာတွေကိုကာပြီးခါမှ လေကြောင်းပစ်ကူတွေ ဒါထက် ပိုပြီး ရက်ရက်စက် စက် လုပ်လာနိုင်တယ်။ အဲဒီလိုလုပ်ပြီးခါမှ သူတို့ရွေးကောက်ပွဲလုပ်မယ့်နေရာက ကျည်လွတ်မြေဖြစ်လာအောင် စစ်ဘေးရှောင်နေတဲ့နေရာတွေကို လောလောဆယ် သူတို့ဘက်ကို ရွေးကောက်ပွဲပေးမယ့် အရေအတွက်များလာတဲ့ဟန်ရှိအောင် လေကြောင်းတိုက်ခိုက်မှု မြေပြင်ထိုးစစ် လက် နက်ကြီးပစ်ခတ်မှုတွေနဲ့ သုံးမျိုးလုံး ပေါင်းစပ်ပြီး လုပ်လာနိုင်ခြေရှိတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ကြေညာထားတဲ့ မြို့နယ်တွေကလွဲရင် ကျန်မြို့နယ်တွေကိုလည်း မရ ရအောင် တိုက်ခိုက်လာနိုင်တဲ့အတွက် နိုင်ငံ့အလယ်ပိုင်းဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းကိုလည်း စောင့်ကြည့်ရမယ့်အနေအထားလို့ သူက ဆက်ပြောပါတယ်။

အောက်တိုဘာ ၆ ရက်နေ့ ညပိုင်းမှာ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ရှိ ဘုံတိုရွာမှာ သပိတ်ကော်မတီတွေ ဦးဆောင်ပြီး ဒေသခံတွေနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆီမီးသပိတ်ကျင်းပနေချိန်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် သပိတ်ကော်မတီဝင်တချို့နဲ့ အရပ်သားတွေအပါအဝင် လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရသူ ဆယ်ချီရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က နောက်ဆုံးရရှိထားတဲ့ စာရင်းတွေအရ ကလေးတွေနဲ့ အမျိုးသမီးတွေအပါအဝင် သေဆုံးသူ ၂၂ ဦး ရှိပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုနောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ ၂၂ ယောက် သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရပါတယ်။ အမျိုးသမီးတွေရော ကလေးတွေရော ပါတယ်။ ဒါပေမယ့် ကျားမ ဘယ်နှယောက်ဆိုတဲ့ အတိအကျစာရင်းတော့ ကျွန်တော်တို့ မရသေးပါဘူးဗျ။ အဲဒါတွေတော့ ကျွန်တော်တို့ တောင်းထားတုန်း ရှိပါသေးတယ်”လို့ ဆိုပါတယ်။

လတ်တလောမှာလည်း ရှမ်းမြောက်ပိုင်းရှိ နောင်ချိုနဲ့ ကျောက်မဲမြို့ကို တအာင်းတပ် TNLA ထိန်းချုပ်မှုကနေ စစ်တပ်က တန်ပြန်ထိုးစစ်နဲ့ ပြန်လည်သိမ်းယူစိုးမိုးပြီးနောက်ပိုင်း နမ္မတူ၊ သီပေါနဲ့ မိုင်းလုံမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်လာနေတာပါ။

အောက်တိုဘာ ၇ ရက်နေ့က မိုင်းလုံမြို့နယ် မန်ဟုန်းကျေးရွာမှာ စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ တအာင်းတပ် TNLA က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ မနက်ပိုင်းမှာ နမ္မတူမြို့နယ် ရပ်ကွက် ၈ ရှိ ပုဗ္ဗာရုံဘုန်ကြီးကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးကြဲချခဲ့တာကြောင့် ဘုန်းကြီးကျောင်းဆောင် ပျက်စီးခဲ့ပါသေးတယ်။

သီတင်းကျွတ်လပြည့်နေကလည်း သီပေါမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူသုံးဦး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA ကနေ သိရပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က “ရွေးကောက်ပွဲမတိုင်ခင် မပြီးခင်ကာလအထိကတော့ လေကြောင်းတိုက်ခိုက်မှုတွေက သူတို့ (စစ်ကော်မရှင်) ရွေးကောက်ပွဲလုပ်မယ့် ၁၀၂ မြို့နယ်ရဲ့ ဟိုဘက်မြို့နယ်တွေ တော်တော်များများမှာ ဒါထက် အကြိမ်အရေအတွက်ကော အနေအထားမျိုးရော ရက်ရက် စက်စက် လုပ်လာနိုင်ခြေရှိတယ်လို့ မှန်းဆရပါတယ်”လို့ ထောက်ပြပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ အချက်အလက်တွေအရ လေကြောင်းတိုက်ခိုက်မှုတွေမှာ ဂျက်တိုက်လေယာဉ်တွေအပါအဝင် သယ်ယူပို့ဆောင်ရေးနဲ့ ကင်းထောက်လေယာဉ်တွေအပြင် စက်တပ်လေထီးတွေကိုလည်း အသုံးပြုနေတာပါ။

ပစ်မှတ်အနေနဲ့ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်နိုင်တဲ့ နေရာတွေအပြင် အရပ်ဘက်ပြည်သူတွေ ထိခိုက်နိုင်တဲ့ နေရာတွေကိုပါ ပစ်မှတ်ထားခဲ့တာလို့ ဆိုပါတယ်။အဲဒီထဲမှာ ကျေးရွာတွေ စစ်ရှောင်စခန်းတွေ ဘာသာရေးနဲ့ ပညာရေးအဆောက်အအုံတွေ ပါဝင်တယ်လို့ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ နိုင်ငံအနှံ့ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု ၁၄၀ နီးပါးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၈၀ ကျော် ရှိခဲ့တာပါ။ အဲဒီ ထိခိုက်သေဆုံးမှုတွေမှာ ကချင်နဲ့ ရခိုင်အပါအဝင် စစ်ကိုင်းနဲ့ မန္တလေးတို့မှာ အရေအတွက် အများအပြားရှိခဲ့တယ်လို့ MSDI ကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.