မော်လမြိုင် ၊ အောက်တိုဘာ ၁၀
ကမ္ဘာ့ရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေသမိုင်းတစ်လျှောက် တစ်ခါမှ မဖြစ်ဖူးတဲ့ စံချိန်တင် ဈေးနှုန်း မြင့်တက်လာပြီးနောက် ပြည်တွင်းရွှေဈေးနှုန်း နှစ်ရက်အတွင်း ကျပ် ၈၂ သိန်းကျော်အထိ ဈေးနှုန်းထိုးတက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က ရွှေတစ်အောင်စကို အမေရိကန် ဒေါ်လာ ၃၉၅၀ ဝန်းကျင်ရှိရာမှ အောက်တိုဘာ ၉ ရက်နေ့မှာတော့ ဒေါ်လာ ၄၀၄၀ ဝန်းကျင်အထိ စံချိန်တင် မြင့်တက်လာတာပါ။
ကမ္ဘာ့ရွှေဈေးနှုန်း စံချိန်တင် မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေးနှုန်းကလည်း အခေါက်ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၈၀ ဝန်းကျင်ကနေ ကျပ် ၈၂ သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။
ရွှေလုပ်ငန်းရှင်တစ်ဦးကတော့ ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်လာရတာဟာ မြန်မာနိုင်ငံနဲ့ မသက် ဆိုင်ဘဲ ကမ္ဘာမှာ ရွှေဝယ်လိုအား မြင့်မားပြီး ကမ္ဘာ့ရွှေသမိုင်းတစ်လျှောက် တစ်ခါမှ မတက်ဖူးတဲ့ ဈေးနှုန်းကြောင့်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဓိကကတော့ ရွှေဈေးတက်ရတဲ့ အကြောင်းအရင်းကတော့ မြန်မာနိုင်ငံနဲ့တော့ သိပ်မသက်ဆိုင်ဘူးပေါ့နော်။ အဓိက ရွှေဈေး တက်ရတဲ့ အကြောင်းအရင်းက ကမ္ဘာ့နိုင်ငံရေး အခြေအနေ ကမ္ဘာမှာက ရွှေဝယ်လိုအား တအား မြင့်နေတော့ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၄၀၃၇ ဆို ကမ္ဘာ့ ရွှေသမိုင်း တစ်လျှောက်မှာလည်း တစ်ခါမှမတက်ဖူးတဲ့ ဈေးနှုန်းပေါ့။ ဒါကြောင့်မို့ ရွှေဈေးက ပြန်တက်ရတာပေါ့”လို့ ဆိုပါတယ်။
ရွှေဈေးနှုန်းစံချိန်တင် မြင့်တက်လာတာကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး တချို့ ရွှေဆိုင်တွေကတော့ တစ်ကျပ်သားလျှင် ကျပ် ၅၀,၀၀၀ ကနေ ကျပ် ၈၀,၀၀၀ အထိ ဈေးခွာ ဝယ်ယူမှုတွေ ရှိနေပါတယ်။
တဖက်မှာ စစ်ကော်မရှင် လက်အောက်ခံ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေး ကော်မတီကတော့ စံချိန်မီ ရွှေတစ်ကျပ်သားကို ဈေးနှုန်း ၅,၉၉၀,၀၀၀ သတ်မှတ်ထားပေမယ့် ပြင်ပ ပေါက်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ပါက ကျပ်သိန်း ၂၀ ကျော် ကွာဟနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

