ပုလော၊ စက်တင်ဘာ ၂၉
တနင်္သာရီတိုင်း ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့ထံက သိရပါတယ်။
တပ်အင်အား ၅၀ ဝန်းကျင်နဲ့ တစ်မိုင်တောင်စခန်းကနေ ဆုတ်ခွာလာပြီး တောင်ယာကမ်းကျေးရွာ အောင်သုခဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် အချိန်နာရီဝက်နီးပါးအကြာ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သား နှစ်ဦးသေဆုံးခဲ့သလို သုံးဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တောင်ယာကမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဟာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူတာ၊ တိရိစ္ဆာန်တွေကို ခိုးယူစာသောက်တာတွေကို ပြုလုပ်နေတာကြောင့် အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း တောင်ယာကမ်းကျေးရွာ တိုက်ပွဲအပြင် စစ်ကော်မရှင်တပ်ရဲ့ ကျေးရွာဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေထိုင်မှုကြောင့် ဒေသခံ ၁၀၀၀ နီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကလည်း ပုလောမြို့နယ် ထမင်းမစားကျေးရွာတပ်စခန်းကို ပြန်လည်ထိန်းချုပ်ဖို့အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရတာကြောင့် တပ်ဖွဲ့ဝင် ၁၅ ဦး ထက်မနည်းသေဆုံးခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNLA

