ထားဝယ်၊ စက်တင်ဘာ ၂

မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းအစပ် ရေဖြူမြို့နယ်က နှစ်တိုက်ပွဲတွေကြောင့် ကုန်ပစ္စည်း ဝင်ရောက်မှု သိသိသာသာ ကျဆင်းလာတဲ့အတွက် ထားဝယ်မြို့မှာ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့ကစလို့ ရေဖြူမြို့နယ်ရှိ ရေဖြူ- ထားဝယ်ပြည်ထောင်စုလမ်းပိုင်းက ကျေးရွာတွေကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာပါ။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ရေဖြူ- ထားဝယ်ပြည်ထောင်စုလမ်းပိုင်း အသုံးပြုခွင့် ကန့်သတ်ခံထားရတာကြောင့် တနင်္သာရီတိုင်း ထားဝယ်မြို့ကို ကုန်ပစ္စည်း မဝင်တာ ၅ ရက်ကျော်ကြာ မြင့်လာတာပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကုန်ပစ္စည်း မဝင်တာကြောင့် ထားဝယ်မြို့မှာ ကြက်ဥတစ်လုံး ၅၀၀ ကျပ်ကနေ ၁၀၀၀ ကျပ်၊ ခရမ်း ချဉ်သီး တစ်ပိဿာ ကျပ် ၃၅၀၀ ကနေ ကျပ် ၁၀၀၀၀အထိ မြင့်တက်လာပြီး တခြားကုန်ပစ္စည်းတွေကလည်း အမျိုးအစားအပေါ် မူတည်ပြီး ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်လာတာပါ။

လက်ရှိမှာလည်း နှစ်ဖက်စစ်ရေး အခြေအနေကြောင့် ရေဖြူမြို့နယ် မိုင် ၆၀နဲ့ သာယာမွန်ကျေးရွာတို့မှာ ခရီးသွားကားတွေအပါအဝင် ကုန်တင်ကား ၅၀၀ နီးပါး ပိတ်မိနေပြီး ခရီးသွားပြည်သူတွေမှာလည်း စားသောက်နေထိုင်ရေး အခက်ကြုံနေရပါတယ်။

ရေဖြူတိုက်ပွဲဟာ စက်တင်ဘာ ၁ ရက်နေ့အထိ နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေပြီး စစ်ကော်မရှင်တပ်ဘက်ကလည်း စစ်ကြောင်းပြန်ဆုတ်တာ မရှိသေးပါဘူး။

တနင်္သာရီတိုင်း ရေဖြူမြို့နယ်တိုက်ပွဲကြောင့် ကော့လှိုင်း၊ မရမ်းချောင်း၊ မိုင် ၆၀၊ သာယာမွန်ကျေးရွာတို့က ဒေသခံ ၄၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.