ဖာပွန်၊ သြဂုတ် ၂၇
အာဏာသိမ်းစစ်ကော်မရှင်က ပြုလုပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ပံ့ပိုးပေးတဲ့သူတွေကို သင့်တော်တဲ့နေရာမှာ ခေါ်ယူထိန်းသိမ်းထားတာ၊ နယ်နှင်ဒဏ်ပေးတာတွေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ KNU မူတြော်ခရိုင် တပ်မဟာ ၅ က သဘောထားထုတ်ပြန်ကြေညာပါတယ်။
အာဏာသိမ်းစစ်ကော်မရှင်က ပြုလုပ်ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် သဘောထားရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဩဂုတ် ၂၆ ရက်နေ့မှာ KNU မူတြော်ခရိုင် တပ်မဟာ ၅ က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
စစ်ကော်မရှင်က ပြုလုပ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေက ရရှိလာတဲ့သဘောတူညီမှုနဲ့ ကျင်းပမယ့်ရွေးကောက်ပွဲ မဖြစ်တဲ့အပြင် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပေဒနဲ့အညီ ကျင်းပမယ့်ရွေးကော်ပွဲမဟုတ်တဲ့အတွက်ကြောင့် ဒီရွေး ကောက်ပွဲဟာ လက်ရှိမြန်မာ့နိုင်ငံရေးပဋိပက္ခကို အဆုံးသတ်နိုင်မှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
ဒီရွေးကောက်ပွဲဟာ စစ်ကော်မရှင်အလိုကျ ပြုလုပ်မယ့်ရွေးကောက်ပွဲဖြစ်သလို ပါဝင်သင့်ပါဝင်ထိုက်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေအားလုံးနဲ့ ပြည်သူလူထုအားလုံးလည်း ပါဝင်ခြင်းမရှိဘူးလို့ မူတြော်ခရိုင် တပ်မဟာ ၅ ဆိုထားပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲဟာ စစ်မှန်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘဲ စစ်ကော်မရှင်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ အသိုင်းအဝိုင်းတွေ၊ စစ်တပ်ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေအတွက်သာ အကျိုးကျေးဇူးသက်ရောက်စေမှာဖြစ်ပြီး တိုင်းရင်းသားနဲ့ ပြည်သူလူထုတွေအတွက်ကတော့ ဘာအကျိုးကျေးဇူးမှ ရရှိနိုင်မှာမဟုတ်ကြောင်း ဆိုပါတယ်။
စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကျင်းပတာဟာ သူတို့အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေဖို့နဲ့ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက်သာ ဖြစ်တဲ့အတွက်ကြောင့် လုံး၀ အသိအမှတ်ပြု လက်ခံနိုင်ခြင်းမရှိဘူးလို့ KNU မူတြော်ခရိုင် တပ်မဟာ ၅ က ထုတ်ဖော်ပြောကြားပါတယ်။
ဒီအတွက် မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေဒေသထဲမှာရှိတဲ့ ပြည်သူလူထုတွေ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ လူမှုအဖွဲ့အစည်းတွေ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ စစ်ကော်မရှင်က ကျင်းပမယ့် တဖက်သတ်ရွေးကောက်ပွဲမှာ တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်ပဲဖြစ်ဖြစ် လုံးဝပါဝင်ပူးပေါင်းပံ့ပိုးမှုတွေ မပြုလုပ်ကြဖို့ ထုတ်ပြန်အသိပေးထားပါတယ်။
စစ်ကော်မရှင်က ကျင်းပမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မူတြော်ခရိုင် တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ထားချက်တွေကို လိုက်နာမှုမရှိတဲ့ ခရိုင်တပ်မဟာအတွင်းက မည်သူမဆို ခေါ်ယူအသိပညာပေးတာ သတိပေးတာ သင့်တော်တဲ့နေရာမှာခေါ်ယူထိန်းသိမ်းတာ တပ်မဟာ ၅ ပြင်ပဒေသမှာ နယ်နှင်ဒဏ်ပေးတာတွေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI