ဖနွမ်းပင်၊ ဇူလိုင် ၂၉
နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ရည်ရွယ်တဲ့ သဘောတူညီမှု ရယူထားပေမယ့် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတယ်လို့ ထိုင်းစစ်တပ်က ပြောလိုက်ပြီး တစ်နာရီ သက်တမ်းရှိ အပစ်ရပ် သဘောတူညီမှုကို ကမ္ဘောဒီးယားက ချိုးဖောက်တယ်လို့ ဇူလိုင် ၂၉ ရက်မှာ စွပ်စွဲလိုက်ပါတယ်။
ဒါပေမဲ့ ဘယ်ဒေသမှာမှ အပြန်အလှန် တိုက်ခိုက်မှုတွေ မရှိတော့ဘူးလို့ ကမ္ဘောဒီးယား စစ်တပ် ပြောရေးဆိုခွင့်ရှိသူ မာလီ ဆိုချယ်တာက ပြောပါတယ်။

ဇူလိုင် ၂၈ ရက်က မလေးရှားမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် နယ်စပ်တိုက်ပွဲတွေ အဆုံးသတ်ရေး ညသန်းခေါင်က စလို့ ခြွင်းချက်မရှိ အပစ်ရပ်ရေး နှစ်နိုင်ငံစလုံးက သဘောတူညီခဲ့ကြ ပါတယ်။
သဘောတူညီမှု စတင် အသက်ဝင်ပြီးနောက် ကမ္ဘောဒီးယားက ထိုင်းနယ်နိမိတ်တွေထဲကို ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဝင်ထိုင်း ဆူဝါရီက ပြောပါတယ်။
ဒါဟာ သဘောတူညီမှုကို တမင်တကာ ချိုးဖောက်တာ ဖြစ်ပြီး အပြန်အလှန် ယုံကြည်မှု အားနည်းအောင် လုပ်ဆောင်တာ ဖြစ်တယ်လို့ ထိုင်းစစ်တပ် ပြောခွင့်ရက ဖြည့်စွက် ပြောပါတယ်။
အဲဒီနောက် မကြာခင်မှာပဲ ထိုင်း ယာယီဝန်ကြီးချုပ် ပွမ်သမ် ဝီချာယာချိုင်းက အသေးစား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ် တည်ငြိမ်သွားပြီလို့ ပြောကြားထားပါတယ်။

ဇူလိုင် ၂၈ ရက် ည ၁၂ နာရီမှာ အပစ်ရပ် သဘောတူညီမှု အသက်ဝင်ပြီးနောက် တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ဒေသတွေ တည်ငြိမ်သွားပြီ ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က လူမှုမီဒီယာမှာ ဇူလိုင် ၂၉ ရက်က ရေးပါတယ်။
နှစ်နိုင်ငံစလုံးက စစ်ဖက်ဆိုင်ရာ ကိုယ်စားလှယ်တွေ ဇူလိုင် ၂၉ ရက်မှာ ထပ်ပြီး ညှိနှိုင်းဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
နှစ်နိုင်ငံကြား နယ်စပ်အငြင်းပွားမှုနဲ့ ပတ်သက်လို့ တိုက်လေယာဉ်တွေ၊ ဒုံးကျည်တွေ၊ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုကြောင့် လူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်း သုံးသိန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ကြားဝင်ခဲ့ပြီး တိုက်ခိုက်မှုတွေ မရပ်တန့်ဘူးဆိုရင် နှစ်နိုင်ငံစလုံးအပေါ် ချမှတ်မယ်လို့ ပြောထားတဲ့ အခွန်တွေ လျှော့ချရေး ဆွေးနွေးတော့မှာ မဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။
ကမ္ဘောဒီးယားကို ကိုလိုနီပြုခဲ့တဲ့ ပြင်သစ်အုပ်ချုပ်သူတွေရဲ့ ၁၉၀၇ ခုနှစ်က မရေမရာ သတ်မှတ်ချက်တွေကြောင့် အိမ်နီးချင်း ထိုင်းနဲ့နယ်မြေ အငြင်းပွားနေပြီး ၂၀၀၈ ခုနှစ် ကနေ ၂၀၁၁ ခုနှစ်အထိ တိုက်ခိုက်မှုတွေ ပြတ်တောင်း ပြတ်တောင်း ဖြစ်ပွားခဲ့ပါတယ်။
Ref:Agencies