ဘန်ကောက်၊ ဖနွမ်းပင်၊ဇူလိုင် ၂၈
လေးရက်ကြာမြင့်ခဲ့တဲ့ ပဋိပက္ခအဆုံးသတ်ရေး ညှိနှိုင်းဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ မလေးရှားမှာ ဆွေးနွေးဖို့ သဘောတူညီထားပါတယ်။
ယာယီ ဝန်ကြီးချုပ် ပွမ်သမ် ဝီချာယာချိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်သွားမှာ ဖြစ်တယ်လို့ ထိုင်းက ဇူလိုင် ၂၇ ရက်မှာ ပြောကြားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ချက်ချင်း အပစ်အခတ် ရပ်စဲရေး ဖိအားပေးဖို့ နှစ်နိုင်ငံစလုံးရဲ့ ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပြီးနောက် အခုလို သဘောတူညီချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက် တက်ရောက်မှာ ဖြစ်ကြောင်း မလေးရှားက မိမိတို့ကို ပြောကြားတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
ဇူလိုင် ၂၄ ရက်က နှစ်နိုင်ငံနယ်စပ်မှာ တိုက်ပွဲတွေ စတင် ဖြစ်ပွားပြီးနောက် စစ်သားနဲ့ အရပ်သား ၃၃ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ထိုင်းနိုင်ငံမှာရော ကမ္ဘောဒီးယားနိုင်ငံမှာပါ လူထောင်သောင်းချီ ထွက်ပြေးခဲ့ရ ပါတယ်။

သမ္မတ ဒေါ်နယ် ထရန့်က တိုက်ခိုက်မှုတွေ မရပ်ဘူးဆိုရင် နှစ်နိုင်ငံလုံး အပေါ် သူပြဌာန်းထားတဲ့ အခွန် ၃၆ ရာခိုင်နှုန်းကို လျှော့ချရေး ဆွေးနွေးမှာ မဟုတ်ဘူးလို့ သတိပေးခဲ့တာပါ။
ဇူလိုင် ၂၇ ရက် ညသန်းခေါင်ကျော်အထိ လက်နက်ကြီးတွေနဲ့ ဆက်လက် ပစ်ခတ်မှုတွေ ရှိနေပေမယ့် ဒေါ်နယ်ထရန့်ရဲ့ ကြိုးပမ်းမှု အတွက် ကျေးဇူးတင်ကြောင်း ထိုင်းနဲ့ ကမ္ဘောဒီးယားတို့က ပြောဆိုခဲ့ကြပါတယ်။
အပစ်ရပ်ဖို့ ဒေါ်နယ်ထရန့်ရဲ့ တိုက်တွန်းမှုကို ကမ္ဘောဒီးယားက လက်ခံခဲ့ပြီး ထိုင်းကတော့ မိမိတို့ နှစ်နိုင်ငံကြား ဆွေးနွေးဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ထိုင်းရဲ့ စစ်အင်အားထက် အားနည်းတဲ့ ကမ္ဘောဒီးယားမှာ ထိခိုက်ဆုံးရှုံးမှုတွေ ရှိလာခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲဖို့ စောစောပိုင်းကတည်းက အဆိုပြုထားပြီး ဖြစ်ပါတယ်။
Ref:BBC

