မော်လမြိုင် ၊ ဇွန် ၂၈
နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ စစ်ရေးအရ အကူအညီပေးမှုကို လိုလားတောင့်တခဲ့ကြတဲ့ စစ်အာဏာသိမ်းမှုအောက်က မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ နည်းလမ်းပေါင်းစုံ ဖိနှိပ်မှုတွေကို ကျူးလွန်ခံနေရဆဲဖြစ်ပါတယ်။
တကျော့ပြန် အာဏာသိမ်းမှု အစောပိုင်းကာလတွေမှာ R2P ရဲ့ စည်းမျဉ်းအရ အကာအကွယ်ရရှိဖို့ မြန်မာပြည်သူတွေဟာ မြေပြင်ရော အွန်လိုင်းကနေပါ ကမ်းပိန်းလုပ်ပြီး တောင်းဆိုခဲ့ကြပေမယ့် ဒီကနေ့အထိ အရာမထင်ခဲ့ပါဘူး။
အာဏာသိမ်းမှုကို လက်မခံလို့ လမ်းမပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြမှုဟာ စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် လက်နက်ကိုင်တိုက်ပွဲအထိ ရောက်ရှိလာပြီး နိုင်ငံတဝန်းရှိ ပြည်သူတွေ အကျပ်အတည်းမျိုးစုံ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက အာဏာသိမ်းစ ကာလနဲ့ လက်ရှိအခြေအနေဟာ မတူညီတော့တဲ့အတွက် R2P ကို မျှော်လို့မရတော့ဘဲ နိုင်ငံတကာဆီက လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တကယ့်ကို UN စစ်တပ် ဝင်လာပြီး ကာကွယ်ဖို့အတွက် ကျွန်တော်တို့ မမျှော်လင့်တော့ပါဘူး။ ဒါလည်း ဖြစ်ဖို့လည်း မဖြစ်နိုင်တဲ့ အကြောင်းအရာပေါ့။ လက်ရှိနိုင်ငံရေး လက်ရှိသွားနေတဲ့ အခင်းအ ကျင်းကို ကြည့်မယ်ဆိုရင် အဲဒီဟာက (R2P) ပိုပြီး အိပ်မက်တအားဆန်သွားတာပေါ့။ ကျွန်တော်တို့ ပိုလိုချင်တဲ့ အကာအကွယ်ကတော့ လူထုတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးတွေကို နိုင်ငံတကာ အစိုးရတွေကနေ ပိုပြီးတော့မှ အာရုံစိုက်ပြီး ကူညီပေးဖို့ပေါ့။အဲဒီလို ကူညီတဲ့နေရာမှာ ပဋိပက္ခကြောင့် ထိခိုက်ဒဏ်ရာရတဲ့ သူတွေအပေါ် နီးစပ်ရာ နိုင်ငံနယ်စပ်တွေကနေ နည်းလမ်းတွေ ပိုရှာဖို့ လိုအပ်တယ်”လို့ ဆိုပါတယ်။
အာဏာသိမ်းလေးနှစ်ကျော်အတွင်း မြန်မာနိုင်ငံမှာ ပြည်သူ ၆၈၀၀ ကျော် သေဆုံးခဲ့ရသလို လူဦးရေ ၃ ဒသမ ၅ သန်းကျော်မှာ နေရပ်စွန့်ခွာနေရပြီး သန်း ၂၀ ကျော်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတာပါ။
ဒါကြောင့် R2P အရ ကာကွယ်မှုပေးရေး တာဝန်ရှိမှု မူကို အကောင်အထည်ဖော်ပြီး ကူကယ်ရာမဲ့နေတဲ့ မြန်မာပြည်သူတွေကို ကူညီပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအ မတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
ဇွန် ၂၅ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ကာကွယ်မှုပေးရေး တာ ဝန်ရှိမှုနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေ ကာကွယ်တားဆီးရေး နှစ် ၂၀ ပြည့်အခမ်းအနားမှာ ပြောသွားခဲ့တာပါ။
မွန်ပြည်ကာကွယ်ရေးတပ် နိုင်ငံရေး၊စစ်ရေးဦးဆောင်ကော်မတီ ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းက နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့တာနဲ့ သံတမန်ရေးရာမှာ ဖယ်ကျဉ်မှုသာ လုပ်နိုင်မယ်လို့ ထောက်ပြပါတယ်။
“ယခုမျက်မှောက်အခြေအနေမှာ နိုင်ငံတကာက ပြုလုပ်နိုင်တာက စစ်ကောင်စီ အကျပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်လာရအောင် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ သံတမန်ရေးရာအရ ဝိုင်းကျဉ်ထားမှုတွေ အသိအမှတ်မပြုမှုတွေ စစ်ကောင်စီကို လက်နက်မရောင်းချပေးဖို့နဲ့ လေယာဉ်ဆီတွေ မရောင်းချပေးဖို့ အစရှိတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေသာ ပြုနိုင်တယ်”လို့ ဆိုပါတယ်။
R2P လို့ခေါ်တဲ့ Responsibility to Protect ဟာ ကာကွယ်မှုပေးဖို့ တာဝန်ရှိမှုဖြစ်ပြီး ၂၀၀၅ ခုနှစ် ကမ္ဘာ့ထိပ်သီးအစည်းအဝေးမှာ ကုလသမဂ္ဂအဖွဲ့ဝင်အားလုံးက အတည်ပြုထောက်ခံထားတဲ့ နိုင်ငံ တကာ အသိုက်အဝန်းဆိုင်ရာ နိုင်ငံရေးသန္နိဌာန်ဖြစ်ပါတယ်။
R2P စည်းမျဉ်းအရ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးစုအလိုက် သုတ်သင်ရှင်း လင်းမှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခံရမှုကနေ ကာကွယ်ပေးဖို့ နိုင်ငံတကာအသိုက်အဝန်းက စုပေါင်းအရေးယူဖို့ တာဝန်ရှိတဲ့ သဘောပါ။
ဒါပေမယ့် မြန်မာနိုင်ငံဖြစ်စဉ်မှာ အားလုံးအနေနဲ့ R2P စံနှုန်း၊စည်းမျဉ်းတွေနဲ့ လူသားဆန်မှုအပေါ် ထားရှိတဲ့ ကတိကဝတ်တွေကို ထိန်းသိမ်းကာကွယ်ဖို့ ပျက်ကွက်နေတယ်လို့ ဦးကျော်မိုးထွန်းက ထောက်ပြပြောဆိုခဲ့ပါတယ်။
လေ့လာသူတွေကတေ့ အာဏာသိမ်းမှု အစောပိုင်းအခြေအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ် R2P စည်းမျဉ်းအရ ချမှတ်ခဲ့ရင်တောင် ဗီတိုအာဏာသုံးခွင့်ရှိတဲ့ နိုင်ငံတချို့ရဲ့ ကန့်ကွက်မှုတွေကြောင့်လို့ ဆိုပါတယ်။ဒါ့အပြင် လက်ရှိအခြေအနေမှာလည်း R2P ချမှတ်ဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။
ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က နိုင်ငံတကာအနေနဲ့ ဖြစ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေအပေါ် အကျိုးစီးပွားကို အခြေခံတာဖြစ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က သံတမန်ရေးရာမှာ ပိုအောင်မြင်အောင် လုပ်ရဦးမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“နိုင်ငံတကာက နိုင်ငံကြီးတွေအနေနဲ့ သူတို့တတွေ နိုင်ငံတစ်နိုင်ငံကို Action ဝင်ယူမယ်ဆိုရင် ဖြစ် လာမယ့် အကျိုးသက်ရောက်မှုတွေကို စဉ်းစားတယ်။ နောက်တစ်ခုက သူတို့ရဲ့ အကျိုးစီးပွားမရှိရင် သူတို့ရဲ့ လက်နက်တွေ စစ်သားတွေ ဒါတွေကို သုံးစွဲပြီး ကူညီပေးနိုင်တာ မရှိဘူးလို့ လက်ရှိမှာ သုံး သပ်လို့ရတယ်။ ဒါကြောင့်မို့ သံတမန်ရေးရာ စစ်မျက်နှာမှာတော့ ထိုက်သင့်သလောက် အောင်မြင်မှု မရှိဘူး။ကျွန်တော်တို့ ဒီထက်ပိုတဲ့ နိုင်ငံရေးအရ လှုပ်ရှားမှု ထောက်ခံတဲ့ ကမ်ပိန်းတွေ အများကြီးလုပ်ပြီး သံတမန်ရေးရာ စစ်မျက်နှာမှာ အောင်မြင်အောင် ဆက်သွားရဦးမယ်လို့ ထင်ပါတယ်”လို့ ဆိုပါတယ်။
နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် လုံခြုံရေးကောင်စီအနေနဲ့ တုံ့ဆိုင်းမနေဘဲ စုပေါင်း အ ရေးယူဆောင်ရွက်ချက်တွေ ချမှတ်ရမှာဖြစ်သလို ပြဿနာရဲ့ ဇစ်မြစ်ကို ဖြေရှင်းရမယ်လို့ ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုထားတာပါ။
စစ်တပ်ကို လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနဲ့ ငွေကြေးထောက်ပံ့မှုတွေ စီးဆင်းနေတာကို ချက်ချင်းရပ်တန့်ဖို့ အထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ ပြတ်သားရမှာဖြစ်ပြီး စစ်တပ်ကို မဖြစ်မနေ တာဝန်ခံမှုရှိစေရေးကိုလည်း လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ ကျူးလွန်မှုတွေအတွက် ပြည်တွင်းပြည်ပ ဥပဒေတွေရဲ့ အပြစ် ပေးအရေးယူမှုကနေ လွတ်မြောက်နေဆဲဖြစ်တဲ့အပြင် အာဏာတည်မြဲဖို့ ရွေးကောက်ပွဲကနေဆင့် တရားဝင်မှုရဖို့ ကြိုးပမ်းလာနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

