“လက်ရှိ ထိုင်းနိုင်ငံမှာရှိတဲ့ ရွေ့ပြောင်းအလုပ်သမားတွေကတော့ ဘယ်တုန်းကမှမကြုံဖူးတဲ့ အခက်အခဲတွေ ကြုံတွေ့နေရတာလို့ ပြောရင် မမှားဘူးခင်ဗျ” – ဦးအောင်ကျော် (LRF ပြောခွင့်ရ)
ထိုင်းနဲ့ကမ္ဘောဒီးယား နယ်စပ်ပြဿနာပြင်းထန်မှုကစလို့ ထိုင်းနိုင်ငံရေး ရှုပ်ထွေးမှုတွေက လက်ရှိအနေအထားမှာ ပိုဆိုးလာနေပါတယ်။ အဲဒီရိုက်ခတ်မှုဒဏ်ကို ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ရင်ဆိုင်ခံစားနေရပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် Work Permit နဲ့ ဗီဇာသက်တမ်းတိုးကိစ္စတွေကလည်း အစိုးရမူဝါဒ အပြောင်းအလဲတွေကြောင့် လနဲ့ချီပြီး ကြန့်ကြာနေလို့ အခက်တွေ့နေရတာပါ။
လက်ရှိ ထိုင်းရောက် မြန်မာနိုင်ငံသား အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားတွေ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသလဲ။ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှု အခြေအနေတွေကရော ဘယ်လိုရှိနေသလဲ။ မြန်မာနိုင်ငံက အခြေအနေအရပ်ရပ်ကြောင့် ထိုင်းနိုင်ငံထဲကို တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေကရော ဘယ်လောက်ဆိုးရွားနေလဲဆိုတာတွေ သိရနိုင်ဖို့ အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်နဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။
မေး – လက်ရှိ ထိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေတွေ ဘယ်လိုရှိလဲ။ ဘာတွေရင်ဆိုင်ကြုံတွေ့နေရသလဲ။
ဖြေ – လက်ရှိ ထိုင်းနိုင်ငံမှာရှိတဲ့ ရွေ့ပြောင်းအလုပ်သမားတွေကတော့ ဘယ်တုန်းကမှမကြုံဖူးတဲ့ အခက်အခဲတွေ ကြုံတွေ့နေရတာလို့ ပြောရင် မမှားဘူးခင်ဗျ။ ထိုင်းနိုင်ငံမှာ ၂၀၂၅ ဖေဖော်ဝါရီ ၁၃ မှာ ဗီဇာသက်တမ်းကုန်သွားတဲ့ အုပ်စုတွေက ဒီနေ့အချိန်ထိ ဗီဇာသက်တမ်းတိုးခြင်းတွေ ဘာမှ အကောင်အထည် မဖော်သေးဘူး ဖြစ်နေတယ်။
သို့သော် ထိုင်းအစိုးရကတော့ ဒီလုပ်သားတွေကို ၂၀၂၅ ဩဂုတ်လအထိကို နေထိုင်ခွင့်ပြုထားတယ်။ အလုပ်သမားတွေကတော့ တရားဝင်ဗီဇာတွေ သက်တမ်းတိုးချင်တာပေါ့။
ဒီလုပ်ငန်းစဉ်တွေ အခုထိ ဘာမှ အကြောင်းမပြန်သေးတဲ့အတွက်ကြောင့် ဘဏ်တွေ တချို့ယာဉ်မောင်းလိုင်စင်တွေ အမျိုးသမီး မီးဖွားစရိတ်တွေထုတ်ဖို့ အဲဒါတွေက တရားဝင်ဘဏ်တွေမှာ သွားတဲ့အခါကျရင် စာရွက်စာတမ်းဗီဇာသက်တမ်းရှိမှ ထုတ်လို့ရမှာ။ အဲဒီအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေရတာလို့ ပြောပြချင်ပါတယ်။
မေး – လက်ရှိ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ပစ်မှတ်ထားပြီး စီမံချက်နဲ့ ရှာဖွေဖမ်းဆီးတာတွေ ရှိလား။ ဘယ်လိုအခြေအနေတွေ ရှိပါသလဲ။
ဖြေ – ဖမ်းဆီးနေတာတွေကတော့ မရပ်သွားပါဘူး။ လက်ရှိ ဖမ်းဆီးနေဆဲပါပဲ။
မေး – ထိုင်းနိုင်ငံ ဘန်ကောက်မှာ လာမယ့် ဇူလိုင် ၁ ရက်နေ့ကစပြီး အလုပ်သမားတွေ အားလုံး အနိမ့်ဆုံး ဘတ် ၄၀၀ ရရှိမယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။ လက်ရှိ အဲဒီအခြေအနေကရော ဘယ်လိုကြားသိရနေရသေးလဲ။
ဖြေ – ဘန်ကောက်နယ်မြေတစ်ခုပဲ ကွင်းကွင်းကွက်ကွက် တိုးပေးတဲ့ကိစ္စကို ထိုင်းနိုင်ငံ အလုပ်သမားအဖွဲ့အစည်းတွေက သဘောမကျဘူး။
အလုပ်သမားဆိုတာက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရတာ အတူတူဖြစ်သလို ထိုင်းနိုင်ငံရဲ့ ကုန်ဈေးနှုန်းတွေလည်း ကြီးမြင့်လာတဲ့အတွက် ဒီလုပ်အားခ၊ လစာကို တစ်နေရာတည်း ကွက်ပြီးပေးရတဲ့အတွက် ထိုင်းနိုင်ငံက အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ ပူးတွဲစာထုတ်ပြန်ပြီး တစ်နေရာတည်းတန်းတူညီတူပေးဖို့ ကျွန်တော်တို့ ပြောထားတာ ရှိပါတယ်။
ထိုင်းနိုင်ငံမှာ ခရိုင်ပေါင်း ၇၇ ခုရှိတဲ့အတွက်ကြောင့် တစ်နိုင်ငံလုံးတန်းတူညီမျှပေးဖို့ တစ်နေရာတည်း ကွက်မပေးဖို့ ပြောထားတာရှိပါတယ်။ ဘန်ကောက်နဲ့အနီးတဝိုက် တိုးမြင့်ပေးတာဖြစ်တဲ့အတွက် ကျွန်တော်တို့လိုချင်တာက ထိုင်းနိုင်ငံမှာ ခရိုင်ပေါင်း၇၇ခုရှိလို့ အားလုံးအညီအမျှဖြစ်အောင် တစ်နိုင်ငံလုံးမှာ တိုးမြှင့်ပေးဖို့ ဆက်လက်တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။
မေး – နောက်ပြီး ထိုင်းနိုင်ငံထဲမှာ ထိုင်းနိုင်ငံသားရဲ့ အလုပ်တွေ ဝင်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ၊ မြန်မာရွှေ့ပြောင်းလုပ်သား ဖွင့်ထားတဲ့ ဆိုင်တွေ ဖမ်းဆီးလုပ်ဆောင်တာမျိုး ဆက်ရှိနေတယ်လို့ ကြားသိရပါတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီး ဘာများကြားသိရပါသေးလဲ။
ဖြေ – ကျွန်တော်သိထားတာက ဖမ်းဆီးမှုတွေက မရပ်တန့်သွားဘူး။
ထိုင်းနိုင်ငံမှာက အလုပ်သမားဝန်ကြီးဌာနက ချမှတ်ထားတဲ့ နိုင်ငံခြားသားရွေ့ပြောင်းအလုပ်သမားများ လုံးဝမလုပ်ရဆိုတဲ့ သူ့နိုင်ငံသားတွေကို လုပ်ခွင့်ပြုထားတဲ့ အလုပ်အကိုင်တွေ သတ်မှတ်ထားတာ ရှိတယ်။ အားလုံး၂၇ မျိုးရှိတယ်။
အဲဒီ၂၇ မျိုးမှာ ရွေ့ပြောင်းအလုပ်သမားတွေဝင်ရောက် အလုပ်လုပ်ကိုင်နေလို့ ရှာဖွေဖမ်းဆီးနေတာတွေ တွေ့နေရတယ်။
မေး – နယ်စပ်ကနေ ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိတာတွေ ဆက်ရှိနေပါတယ်။ တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ – ဒါတွေလည်း စိတ်မကောင်းစွာနဲ့ မြင်တွေ့နေရပါတယ်။ ဘုရားသုံးဆူဘက်ကနေ မြန်မာနိုင်ငံသား အမြောက်အမြားကို ဖမ်းဆီးနေတာ သတင်းဓာတ်ပုံတွေနဲ့ မြင်တွေ့နေရတယ်။ ဒါတွေကလည်း ပြောရခက်တယ်။ မလာပါနဲ့လို့ ပြောဖို့ရာလည်း ခက်တယ်။
ဘာကြောင့်ဆို ကိုယ့်ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှု အန္တရာယ်မျိုးစုံပေါ့ဗျာ။ မိမိတို့ရဲ့ညဘဝအသက်ရှင်ရပ်တည်ရေးနဲ့ စာဝတ်နေရေးအတွက် ရတဲ့နည်းနဲ့စွှန့်စွားပြီး လာနေကြတယ်။
ထိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်တယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ရှာဖွေဖော်ထုတ် အရေးယူနေတာတွေ ရှိပါတယ်။ ဒါတွေလည်း နေ့စဉ်နဲ့အမျှ သတင်းတွေမှာ မြင်တွေ့နေရပါတယ်။
မေး – ထိုင်းနိုင်ငံမှာ ကိုဗစ်လူနာသစ်တွေ ထပ်မံတွေ့ရှိရပြီး သေဆုံးသူဦးရေ တိုးလာတယ်လို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။ အဲဒီအခြေအနေနဲ့ပတ်သက်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဘာတွေ အသိပေးပြောလိုတာ ရှိပါသလဲ။
ဖြေ – ဒါကတော့ ထိုင်းအစိုးရ ကျန်းမာရေးဝန်ကြီးဌာနကနေ တရားဝင်တားမြစ်တာတွေ ပိတ်ပင်တာတွေ မတွေ့ရသေးဘူး။ မည်သူပင်ဆိုစေကာမူ ရောဂါဝေဒနာရှင်တွေကတော့ ဆင့်ကဲဆင့်ကဲ တိုးပွားနေတယ်ဆိုတာ တွေ့ရတယ်။
ကျွန်တော်တို့ လေ့လာသုံးသပ်သလောက်တော့ ဘန်ကောက်တလွှားမှာ လူနေထူထပ်တဲ့အတွက်ကြောင့် အဖြစ်များနေတာကို တွေ့ရှိရတယ်။
ဘာပဲဖြစ်ဖြစ် ရွှေ့ပြောင်းအလုပ်သမားတွေကိုတော့ မိုးမပြိုပြိုခဲ့သော် သတိဝိရိယနဲ့ နေထိုင်ဖို့ ကျန်းမာရေးအရ အကာအကွယ်လေးတွေ လုပ်ထားခြင်းအားဖြင့် မိမိကိုယ်ကိုကာကွယ်သလို ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အများပြည်သူကိုလည်း ကာကွယ်ပြီးသား ဖြစ်တယ်လို့ ယူဆတဲ့အတွက်ကြောင့် အစိုးရအနေနဲ့ ထုတ်ပြန်ပြီးမှ ဒီလိုနေပါ ဒီလိုထိုင်ပါ လို့မဆိုသော်လည်း မိမိရဲ့သတိတရားနဲ့ ကျန်းမာရေးဆိုင်ရာကို လိုက်နာဖို့ ကျွန်တော် အကြံပြုလိုပါတယ်။
မေး – ထိုင်းက ဖမ်းဆီးထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ရနောင်း ကော့သောင်းနယ်စပ်ဂိတ်ကို ပြန်ပို့တယ်။ ထိုင်းက ပြန်ပို့လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်မှုထမ်းခေါ်ဆောင်နေတယ်။ အဲဒီကိစ္စ ဘယ်လိုကြားသိရသေးလဲ။ ဆရာတို့ အလုပ်သမားအဖွဲ့အစည်းအနေနဲ့ ထိုင်းအစိုးရကို ဘယ်လိုတိုက်တွန်းအကြံပြုတာတွေရှိပါသလဲ။
ဖြေ – ဒါကတော့ သူ့နိုင်ငံရဲ့ဥပဒေအရ လုပ်တာဆိုတော့ အရမ်းကြီးတော့ ဟန့်တားကန့်ကွက်လို့တော့ မရဘူးခင်ဗျာ။ သို့သော်လည်း ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ထိုင်းသမဂ္ဂတွေ လူ့အခွင့်အရေးကော်မရှင်တွေနဲ့ ပြောပြီးမှ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
အဖွဲ့အစည်းပေါင်းစုံကလည်း ဝိုင်းတောင်းဆိုထားတာ ရှိပါတယ်။ သို့သော် ထိုင်းအစိုးရအနေနဲ့လည်း သူ့နိုင်ငံရဲ့ဥပဒေအရ နေထိုင်မှုသွားလာနေမှုများကိုလည်း ရှာဖွေဖမ်းဆီးမှုတွေကို ဆက်လုပ်နေတဲ့အတွက် ကျွန်တော်တို့လည်း ဒါနဲ့ပတ်သက်ပြီး များစွာစိုးရိမ်မကင်းဖြစ်မိပါတယ်။
ကြားပါတယ်။ အမြဲတမ်းကြားပါတယ်။ ရနောင် – ကော့သောင်းနယ်စပ်ကနေ လွဲပြောင်းခံရသူတွေက သက်ကြီးရွယ်အိုနဲ့ နာမကျန်းကလွဲရင် အကုန်စစ်မှုထမ်းထဲကို ထည့်သွင်းခံရတာတွေကို အမြဲတမ်းကြားနေရပါတယ်။ ဒါအတွက်လည်း ကျွန်တော်တို့ များစွာ စိတ်မကောင်းဖြစ်ရပါတယ်။
မေး – ဖူထိုင်းပါတီဦးဆောင်တဲ့ ထိုင်းအစိုးရသစ် တက်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရလဲ။
ဖြေ – ထိုင်းနိုင်ငံမှာတော့ ဘယ်အစိုးရပဲတက်လာတက်လာ ရွေ့ပြောင်းအလုပ်သမားတွေကတော့ ပုံမှန်အတိုင်း သူ့အလုပ်အကိုင်နဲ့လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
ရွေ့ပြောင်းအလုပ်သမား ၁၈ သိန်းရဲ့တရားဝင်စာရွက်စာတမ်း သက်တမ်းတိုးတွေအတွက် ရပ်တန့်နေရတာက သူ့လက်ထက်မှာဖြစ်တယ်လို့ မပြောလိုပေမယ့် တိုက်ဆိုင်စွာ အခုအချိန်မှာပဲ ဖြစ်ပေါ်လာတယ်။ ဒါတွေကလည်း နောက်ဆက်တွဲအကြောင်းအရာတွေ မြောက်များစွာရှိတယ်လို့လည်း သိထားပါတယ်။
အရင့်အရင်တုန်းက မသိကျိုးကျွံပြုထားတယ်ဆိုတဲ့ သဘောပေါ့ဗျာ။ ထိုင်းရဲ့ အစိုးရဝန်ထမ်းတွေကတော့ အဂတိနဲ့ မကင်းဘူးဗျာ။ သူတို့က လုပ်ခွင့်မရှိဘူးလို့ ဥပဒေအရပြဌာန်းတာကို လုပ်နေကြတယ်ဆိုတာက အချို့အချို့သော အာဏာပိုင်တွေနဲ့ပေါင်းပြီး လုပ်ခဲ့ကြတယ်။
အခု အမျိုးသားရေးအစွန်းရောက်တွေက ပေါ်ပေါက်လာတဲ့အခါမှာ ထိုင်းပြည်သူလူထုက သတင်းပို့တာတွေရှိတယ်။ ငါတို့အလုပ်တွေ မလုပ်ရဘူး။ ဒါတွေကတော့ အမြန်ဆုံးထိထိရောက်ရောက် ဖော်ထုတ်ပေးဖို့ လိုအပ်နေတယ်လို့ မီးမောင်းထိုးပြလိုက်တဲ့အခါမှာ အဲဒီအုပ်စုတွေကလည်း တစ်နိုင်ငံလုံးကို လှည့်ပတ်ပြီးမှ ဒါတွေကိုလိုက်ရှာဖွေတယ်။
သူတို့ကိုယ်တိုင်ကတော့ အမျိုးသားရေးအစွန်းရောက်တွေဆိုတော့ သတင်းအချက်အလက်တွေပို့တယ်။ အာဏာပိုင်တွေက လိုက်ဖမ်းတယ်။ အဲဒီလိုတွေ ဖြစ်ပေါ်လာတာပါ။ အဓိကကတော့ ကျွန်တော်တို့ ဥပဒေနဲ့အညီနေထိုင်မယ်ဆိုရင် ဒီပြဿနာတွေက ဖြစ်လာစရာအကြောင်းမရှိဘူးပေါ့ဗျာ။
မေး – တခြားဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါဦး။
ဖြေ – ကျွန်တော့်အနေနဲ့ကတော့ ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ သန်းနဲ့ချီရှိကြတယ်။ ရွေ့ပြောင်းအလုပ်သမားတွေကို ကျွန်တော်ပြောလိုတာက အင်မတန်ရှုပ်ထွေးနေတဲ့ အခြေအနေရောက်နေပါတယ်။
ဒါ ထိုင်းတစ်နိုင်ငံတည်း မဟုတ်သလို တစ်ကမ္ဘာလုံးကလည်း ဖြစ်စဉ်တွေရှိနေတဲ့အတွက်ကြောင့် မိမိလုပ်ကိုင်နေတဲ့ အလုပ်အကိုင် ထိုက်သင့်တဲ့ လုပ်အားခတွေ စနစ်တကျ သုံးစွဲပြီး လုံလုံလောက်လောက် ချွေတာပြီး နေထိုင်ကြဖို့ မလိုအပ်ပဲ ခရီးတွေအဝေးကြီးသွားလာတာမျိုး အလုပ်တွေ ပြောင်းရွှေ့တာမျိုး မလုပ်ဘဲ တည်ငြိမ်အေးချမ်းတဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ကမ္ဘာကပ်ရောဂါတွေကိုလည်း သတိနဲ့ထား နေထိုင်ကြဖို့ ပြောလိုပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – Bangkok Post
