ကျောက်ကြီး ၊ ဇွန် ၂၄

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့က ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၆၄ ခြေလျင်တပ်ရင်းကနေ သမင်အင်းကုန်းကျေးရွာနဲ့ ဖျံတလင်းကျေးရွာထဲကို ၁၂၀ မမ လက်နက်ကြီး သုံးလုံး ပစ်ခတ်ခဲ့တာပါ။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သမင်အင်းကုန်းကျေးရွာနေ အသက် ၂၆ နှစ်အရွယ် နော်ဃီးလာဖော ၊ ဖျံတလင်းကျေးရွာနေ အသက် ၄၂ နှစ်အရွယ်၊ အသက် ၁၁ နှစ်အရွယ် စောဒေါင်ဖြောင့်တို့ဟာ လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဇွန် ၁၇ ရက်နေ့က စစ်ကောင်စီတပ်ဟာ သမင်အင်းကုန်းကျေးရွာထဲကို လက်နက်ကြီး ၁၂၀ မမ သုံးလုံး ထပ်မံပစ်ခတ်ခဲ့ပေမယ့် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ဇွန် ၂၀ ရက်နေ့မှာလည်း ပဲခူးတိုင်း မုန်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဥသျှစ်ကုန်းကျေးရွာက ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ခရစ်ဘုရားကျောင်း တစ်ကျောင်း၊ ရေလဲကျေးရွာက နော်ချယ်ရီနဲ့စောမောင်မင်းတို့ရဲ့ နေအိမ် နှစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.