တနင်္သာရီ၊ ဇွန် ၂၀
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်းရှိ မောတောင်-ထုံခါ နယ်စပ်လမ်းပိုင်းကို ပြန်လည်ထိန်း ချုပ်ဖို့အတွက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့် ၆ လကြာတဲ့အထိ ရှေ့ဆက်မတိုးနိုင်ဘဲ သိန်ခွန်းကျေးရွာအနီးမှာ ရှိနေတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၁ ထံကနေ သိရပါတယ်။
တနင်္သာရီမြို့နယ်ရှိ မောတောင်-ထုံခါ နယ်စပ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
မောတောင်မြို့နယ်အတွင်းရှိ နယ်စပ်တပ်စခန်းကို စစ်ကောင်စီတပ်မှ တပ်ပြောင်းလဲမှုပြုလုပ်ဖို့အပြင် နယ်စပ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့ မောတောင်မြို့ရှိ ပြည်သူ့စစ်တွေကို လက် နက်တပ်ဆင်ဖို့အတွက် KNU နယ်မြေအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) နယ်မြေအတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဟာ အထိအခိုက် အကျအဆုံးများစွာ ရင်ဆိုင်နေရပြီး သိန်ခွန်းကျေးရွာအနီးကနေ ရှေ့ကိုဆက်မတိုးနိုင်ဘဲ ရှိနေတယ်လို့ KNLA တပ်ရင်း ၁၁ က ဆိုထားပါတယ်။
စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နယ်စပ်လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာတွေနဲ့ အနီးအနားရှိ ကျေးရွာတွေကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံအများအပြား စစ်ဘေးရှောင်နေရတာဟာ ၆ လတိတိ ရှိခဲ့ပြီး ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေအပြင် တော်လှန်ရေးတပ်ဖွဲ့တွေ မရှိတဲ့ နေရာတွေကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေဖြင့် ဘေးကင်းလုံခြုံ ရေးအစီအမံတွေ ပြုလုပ်ထားဖို့ KNLA တပ်ရင်း ၁၁ Black Cobra Column က အသိပေးထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ ၆ လတာထိုးစစ်တိုက်ခိုက်မှုအတွင်း သိန်ခွန်းကျေးရွာနဲ့ ချောင်းနှစ်ပေါက်ကျေးရွာဟာ စစ်ဘေးဒဏ်ကို အဓိကခံစားနေရပြီး ကျေးရွာအတွင်းရှိ တိုက်တာအဆောက်အအုံ၊ စာသင်ကျောင်း၊ ဘုန်ကြီးကျောင်းတွေမှာ ယာယီတပ်စခန်းတွေအဖြစ် တပ်စွဲနေထိုင်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းကလည်း မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ် ကြောင်းထိုးဝင်ရောက်မှု၊ နှစ်ဖက်တိုက်ပွဲမှုအပြင် လက်နက်ကြီးနဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ ၁၇၅၀၀ ခန့် ရွာလုံးကျွတ် စစ်ဘေးရှောင်နေရတယ်လို့ ဒေသတွင်းသုတေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

