တနင်္သာရီ၊ ဇွန် ၁၉

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့တယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့ နေ့လယ်ပိုင်းမှာ အင်အား ၁၀၀ ဝန်းကျင်နဲ့ ရမ်းဖိုကျေးရွာဘက်ကို စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်တာမျိုးမရှိပေမယ့် စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ အတည်ပြုနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

အလားတူ ဇွန် ၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်ကလည်း ရမ်းဖိုကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေက ထပ်မံသွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အချိန်နာရီဝက်နီးပါးအကြာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ပြီး ထိခိုက်တာတွေလည်း ရှိနိုင်တယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေတာဝန်ခံက သံလွင်တိုင်းမ်ကိုပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို အဲဒီနေ့ ညနေပိုင်းမှာပဲ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဟာ ရမ်းဖိုကျေးရွာမှာတပ်စွဲလိုက်တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို ဒေသတော်လှန်ရေး တပ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် NLA တပ်ရင်း ၁၁ နဲ့ မြိတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိတ်ပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.