မန္တလေး ၊ ဇွန် ၇
မန္တလေးတိုင်း ဘိုးအိုအကျဉ်းထောင်မှာ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးမှာ သေဆုံးသူ ၇၀ ဦး ရှိပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၄၉ ဦးပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် PPNM က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ငလျင်ကြောင့် အကျဉ်းသားတွေသေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က မိသားစုတွေကို အသိမပေးဘဲ ဖုံးကွယ်ထားမှုအပေါ် အချိန် နှစ်လကျော်ကြာ စုံစမ်းဖော်ထုတ်ပြီးမှ ရရှိလာတဲ့ သေ ဆုံးသူတွေရဲ့ နာမည်၊ အသက်နဲ့ပုဒ်မတွေကို အများပြည်သူတွေ သိအောင်ဖော်ပြနိုင်ခဲ့တာလို့ ဆိုပါတယ်။
PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက အခုလို ထုတ်ပြန်ရတာဟာ သေဆုံးသူတွေအတွက် ကျန်ရစ်တဲ့ မိသားစုဝင်တွေက ဈာပန ပြုလုပ်နိုင်ဖို့ ရည်ရွယ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ငလျင်အတွက် ကူညီနေကြသူတွေအနေနဲ့ အကျဉ်းထောင်အတွင်းမှာ သေဆုံးသွားသူတွေကိုလည်း မေ့မထားဘဲ ကူညီပေးနိုင်ကြဖို့နဲ့ အသက်မသေပေမယ့် ထိခိုက်ဒဏ်ရာရသူတွေကလည်း အကူအ ညီတွေလိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ငလျင်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ အသက် ၁၈ နှစ်ကနေ ၅၅ နှစ်ကြားရှိ အမျိုးသား ၃၂ ဦးနဲ့အမျိုးသမီး ၁၇ ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အကျဉ်းသားသေဆုံးမှုများနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်တာမျိုးမရှိဘဲ သတင်းအမှောင်ချ ဖုံးကွယ်ထားတယ်လို့ သိရပါတယ်။
အိုးဘိုအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး သတင်းအမှောင်ချခံထားရလို့ ပြင်ပရှိ မိသားစုဝင်တွေအပါအဝင်မိဘပြည်သူတွေအနေနဲ့လည်း ဖြစ်စဉ်အခြေအနေအမှန်တွေ မသိရှိခဲ့ကြသေးဘဲ ရက်လည်ဆွမ်းကျွေးပင် မပြုလုပ်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။
အိုးဘိုအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင်အကျဉ်းသားတွေဟာ ထောက်ပံ့ကူညီမှုတွေ များစွာလိုအပ်လျက်ရှိနေပြီး လူ့အခွင့်အရေးနဲ့တရားမျှတမှုကို ဖော်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးစေလိုတယ်လို့ PPNM က တိုက် တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- PPNM

