ဝါရှင်တန်၊ ဧပြီ ၄
ယီမင်နိုင်ငံမှာ တိုက်ခိုက်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိတ်ချ် ဟက်ဆေ့ချ်ရဲ့ Signal မက်ဆေ့ချ် အက်ပလီကေးရှင်း အသုံးပြုမှုနဲ့ ပတ်သက်ပြီး ပင်တဂွန် စုံစမ်း စစ်ဆေးရေးမှူးရုံးက စစ်ဆေးသွားမှာ ဖြစ်ကြောင်း စောင့်ကြည့်ရေးအဖွဲ့က ဧပြီ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
ယီမင်နိုင်ငံရှိ ဟိုသီအဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့ အဲဒီအစီအစဉ်အကြောင်း အကြီးတန်းအရာရှိတွေက မတော်တဆ ပေါက်ကြားစေခဲ့ပြီးနောက် သမ္မတ ဒေါ်နယ် ထရန့်အစိုးရဟာ အရှုပ်တော်ပုံနဲ့ ရင်ဆိုင်နေရပါတယ်။

အခုလို စုံစမ်းစစ်ဆေးမှုအရ အမေရိကန် ကာကွယ်ရေးဝန်ကြီးအပြင် တခြား ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေလည်း စစ်ဆေးခံရမှာ ဖြစ်ပါတယ်။
အထက်လွှတ်တော် လက်နက်ကိုင်ဌာန ကော်မတီရဲ့ ရီပက်ဘလေကန်နဲ့ ဒီမိုကရက်လွှတ်တော် အမတ် နှစ်ဦးရဲ့ တောင်းဆိုမှုကြောင့် အခုလို စုံစမ်းစစ်ဆေးမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အဲဒီ မက်ဆေ့ချ် ပေးပို့မှုဂရုထဲမှာ ကာကွယ်ရေးဝန်ကြီး ဟက်ဆေ့ချ် အပါအဝင် တခြား ထိပ်တန်းအရာရှိတွေ ပါဝင်ခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

အဲဒီ ဂရုထဲမှာ ဂျာနယ်လစ် တစ်ယောက်လည်း ပါဝင်ခဲ့ပြီး သူ့ဆီကနေတဆင့် ပေါက်ကြားလာခဲ့တာ ဖြစ်ပါတယ်။
အီရန် ထောက်ပံ့ပေးထားတဲ့ ဟိုသီအဖွဲ့ဟာ ပင်လယ်နီကို ဖြတ်သန်းသွားတဲ့ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်နေလို့ ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်း ထိခိုက်နေရပါတယ်။
တစ်ကမ္ဘာလုံးရဲ့ ရေကြောင်းကုန်သွယ်မှု ၁၂ ရာခိုင်နှုန်းလောက်ဟာ ဟိုသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်နေရတာ ဖြစ်ပါတယ်။
ဘိုင်ဒန်အစိုးရလက်ထက်ကတည်းက ယီမင်နိုင်ငံရှိ ဟိုသီအဖွဲ့ကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီး အခု ထရန့်ရဲ့ ဒုတိယမြောက်သမ္မတ သက်တမ်းအထိ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
Ref:AFP

