မော်လမြိုင် ၊ ဇန်နဝါရီ ၁
လူမျိုးတစ်မျိုး လွတ်မြောက်ရေး သပ်သပ်မဟုတ်ဘဲ တစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ဖို့အထိ ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်လုပ်ဆောင်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
စစ်အာဏာရှင်စနစ်ဖြိုချရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံးမှာ တာဝန်ရှိတယ်လို့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာပါ။
၂၀၂၅ ခုနှစ်မှာ စစ်အုပ်စုကို အပြီးသတ်ဖယ်ရှားနိုင်ဖို့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံရေးအင်အားစုတွေအနေနဲ့ နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းမှုကို လက်တွေ့ပြသဖို့ အချိန်တန်ပြီလို့ ယာယီသမ္မတက ထောက်ပြပါတယ်။
ဒီအတွက် မဟာမိတ်ရေးရာကဏ္ဍကို အခုထက်ပိုပြီး အားစိုက်သွားမယ်လို့ အသိပေးခဲ့သလို နွေဦးတော်လှန်ရေးရဲ့အဓိကမဏ္ဍိုင်ဟာ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် တော်လှန်ရေးအင်အားစုအားလုံးရဲ့ ဗဟိုဦးတည်ချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ဖျက်သိမ်းဖို့ မိမိတို့အားလုံးဟာ တတ်စွမ်းနိုင်သူတို့ စုစည်းနိုင်ဖို့ လေးနက်စွာ စဉ်းစားကြရမယ်လို့ ယာယီသမ္မတက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးဌာနအလိုက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေသလို လက်ရှိ ပြည်တွင်းအခြေအနေအရ မြေပြင်မှာ အင်အားတွေ လာရောက်စုစည်းရမယ့် လုပ်ငန်းစဉ်တွေကိုလည်း ဆက်လက်အကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။
အစိုးရအဖွဲ့ထဲမှာ တည်ဆဲအခြေအနေထက် ပိုမိုကျယ်ပြန့်စွာ ဦးဆောင်မယ့်သူတွေကို လိုအပ်နေပြီး အစားထိုးတာဝန်ယူနိုင်သူတွေရှိရင်လည်း ပုခုံးထမ်းလွှဲပြောင်းပေးအပ်ဖို့ အမြဲအသင့်လမ်းဖွင့်ပေးထားကြောင်း လူထုကို အသိပေးထားတာပါ။
စစ်ကောင်စီဦးဆောင်တဲ့ မြန်မာ့တပ်မတော်နဲ့ ပတ်သက်ပြီးတော့လည်း ခေါင်းဆောင်နေသူတွေဟာ အာဏာတပ်မက်မှုနဲ့ ကိုယ်ကျိုးအရေးအလေးထားပြီး ပြည်သူကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်နေမှုနဲ့ ဦးဆောင်မှုသိမ်ဖျင်းယိုယွင်းမှုကြောင့် အကြမ်းဖက်စစ်တပ်အဖြစ် လူထုတစ်ရပ်လုံးက ရှုမြင်နေကြပြီလို့ ဆိုပါတယ်။
ဒါကြောင့် တပ်မတော်ရဲ့ဂုဏ်ကို တပ်မတော်သားတွေကသာ ပြန်လည်အဖတ်ဆယ်လို့ရမယ့် အခြေအနေကို ရောက်နေပြီဖြစ်လို့ ပြည်သူ့စစ်သားအဖြစ် ပြည်သူ့ဘက် ပြောင်းလဲရပ်တည်ဖို့ ယာယီသမ္မတက ထပ်မံဖိတ်ခေါ်လာတာပါ။
ဘက်ပြောင်းလာတဲ့ တပ်မတော်သားအားလုံးရဲ့ အသက်နဲ့ လုံခြုံရေးကိစ္စအဝဝကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အလေးအနက်ထား ကာကွယ်စောင့်ရှောက်ပေးဖို့ အာမခံတယ်လို့ အသိပေးတာ ဖြစ်ပါတယ်။
တပ်မတော်သားတွေအနေနဲ့ ပြည်သူဘက် ရပ်တည်တာဟာ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေကို အမြန်ဆုံးရပ်တန့်နိုင်ဖို့ အကောင်းဆုံး အချိန်အခါတစ်ရပ် ဖြစ်နေပြီမို့ ပြည်သူလူထုနဲ့ အမြန်ဆုံး ပူးပေါင်းချိန်တန်ပြီလို့ ယာယီသမ္မတက တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG

