ဝါရှင်တန်၊ ဒီဇင်ဘာ ၃၁

သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ရောက်မလာခင် လက်ကျန် သမ္မတသက်တမ်းအတွင်း ယူကရိန်းသို့ စစ်ရေးအကူအညီ တတ်နိုင်သမျှ အများဆုံး ပေးပို့နိုင်ရေး ကြိုးပမ်းနေတဲ့ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ယူကရိန်းအတွက် နောက်ထပ် စစ်ရေးအကူအညီ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ပေးအပ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်မှာ ကြေညာခဲ့ပါတယ်။

မိမိရဲ့ လက်ကျန် ရာထူးသက်တမ်းအတွင်း ယူကရိန်းရဲ့ စစ်အင်အား ပိုမို အားကောင်းလာစေရေး အမေရိကန်က မရပ်မနား ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း သမ္မတ ဘိုင်ဒန်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘိုင်ဒန်ရဲ့ စစ်ရေး အကူအညီမှာ အမေရိကန်ရဲ့ လက်နက်တိုက်က ဆွဲထုတ်ထားတဲ့ ကန်ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံ တန်ဖိုးရှိ စစ်ရေး အကူအညီတွေနဲ့ ယူကရိန်းသို့ လုံခြုံရေး အကူအညီပေးရေး အစီအစဉ် USAI အရ ကန်ဒေါ်လာ ၁ ဒသမ ၂၂ ဘီလီယံတို့ ပါဝင်ပါတယ်။အဲဒါက သမ္မတ ဘိုင်ဒန် လက်ထက် နောက်ဆုံး USAI အကူအညီ ဖြစ်ပါတယ်။

USAI အစီအစဉ်အရ ကာကွယ်ရေးလုပ်ငန်း နယ်ပယ်က ဒါမှမဟုတ် လက်တွဲဖော် နိုင်ငံတွေဆီက စစ်လက်နက်တွေ ဝယ်ယူပြီး ယူကရိန်းကို ထောက်ပံ့ ကူညီပေးနေတာ ဖြစ်ပါတယ်။

ဒါကြောင့် အဲဒီ စစ်လက်နက်တွေ ယူကရိန်းလက်ထဲကို ရောက်ရှိဖို့ လပိုင်း ဒါမှမဟုတ် နှစ်နဲ့ချီ ကြာမြင့်နိုင်ပါတယ်။

အမေရိကန်က တိုက်ရိုက်ပေးပို့တဲ့ စစ်ရေးအကူအညီတွေကို ယူကရိန်းက အလျင်အမြန် လက်ခံ ရရှိနေပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတာဟာ သုံးနှစ်ကြာပြီ ဖြစ်ပြီး လောလောဆယ် စစ်မြေပြင်မှာ ရုရှားက မြောက်ကိုရီးယား စစ်သားတွေ အသုံးပြု တိုက်ခိုက်နေပါတယ်။

မြောက်ကိုရီးယား စစ်သားတွေဟာ ရုရှားနိုင်ငံ ကာ့စ်ဒေသမှာ ထိခိုက် သေဆုံးမှု များနေပြီး ရုရှားအတွက် ကူတိုက်ပေးနေတဲ့ မြောက်ကိုရီးယားစစ်သား ၁၀၀၀ ကျော် သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားထားပါတယ်။

သမ္မတ ဘိုင်ဒန်ရဲ့ ကြေညာချက်ကို ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရူစတန် အူမာရော့ဗ်က ကြိုဆိုပြီး မိမိတို့ မဟာမိတ် အမေရိကန်နဲ့ အတူတူ မိမိတို့ အောင်ပွဲ ရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
သုံးနှစ်နီးပါး ကြာမြင့်လာတဲ့ စစ်ပွဲအတွင်း အမေရိကန်က ယူကရိန်း အတွက် စစ်ရေးအကူအညီ စုစုပေါင်း ၁၇၅ ဘီလီယံ ပေးပို့ ကူညီထားပါတယ်။

ဒါပေမဲ့ အဲဒီ စစ်ပွဲကို အလျင်အမြန် အဆုံးသတ်အောင် လုပ်ဆောင်မယ်လို့ ကြွေးကြော်ထားတဲ့ လာမယ့် သမ္မတ ထရန့် လက်ထက်မှာတော့ အမေရိကန်ရဲ့ အကူအညီတွေဟာ မသေချာ မရေရာ ဖြစ်နေပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.