မကွေး ဒီဇင်ဘာ ၁၀
မကွေးတိုင်း မင်းတုန်းမြို့နယ်က နေအိမ် ၆၀ ကျော်ကို စစ်ကောင်စီကမီးရှို့ ဖျက်ဆီးသွားတယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းထံကနေ သိရပါတယ်။
ဒီဇင်ဘာ ၃ ရက်ကစပြီးတော့ စစ်ကောင်စီတပ်တွေဟာ မြောက်ပြင်၊ ကြိုးဝ၊ ရွာသစ်ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတာဖြစ်ပြီး အဲဒီနေ့ ညနေမှာပဲ မီးရှို့ဖျက်ဆီးခဲ့တာပါ။
“လက်ရှိအချိန်မှာ တစ်နိုင်ငံလုံးစစ်ရေး အရှိန်မြင့်တက်လာမှုနဲ့အတူ ကျွန်တော်တို့ ဒေသမှာလည်း စစ်ရေးအရှိန်မြင့်တက်လာပြီ။ တစ်ဖက်က ရန်သူဘက်ကလည်း စစ်ကြောင်းထိုး ဝင်ရောက်တာတွေ၊ဖောက်ထွင်း ခိုးယူတာတွေ၊ အခုလိုမျိုး မီးရှို့တာတွေ လုပ်ဆောင်လာပြီ” လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
အခုလိုမျိုး စစ်ရေးအရှိန်မြင့်တက်လာလို့ ပြည်သူလူထုအနေနဲ့ တိုင်းပြည်ရဲ့ စစ်ရေးနဲ့ ဒေသတွင်းစစ်ရေး အခြေအနေတွေကို အဆက်မပြတ် လေ့လာကာ ဆောင်ရန်၊ ရှောင်ရန်တွေကို သုံးသပ်ပြီး တော်လှန်ရေးမှာ ပါဝင်ဆောင်ရွက်ကြဖို့ ကိုမြတ်က တိုက်တွန်းပါတယ်။
အခုလိုမျိုး ကျေးရွာတွေကို မီးရှို့တဲ့ စစ်ကြောင်းကို သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့ တပ်ခွဲ ၂ က ဝင်ရောက်တိုက်ခိုက်မှုမှာ မိနစ်နှစ်ဆယ်ဝန်းကျင် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
အင်အား ၈၀ ပါတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရတာကြောင့် ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရကာ ကာကွယ်ရေးရဲဘော်တစ်ဦး ခြေထောက်ကျည် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ စစ်ကြောင်းက ဒဏ်ရာရလူနာတွေကို ထမ်းခေါ်ပြီး ရွာသစ်ကျေးရွာကနေ ဆုတ်ခွာသွားကာ လမ်းတစ်လျှောက်မှာ မြေမြှုပ်မိုင်းတွေ ထောင်သွားတယ်လို့သိရပါတယ်။
အဲဒီ စစ်ကောင်စီ စစ်ကြောင်းကြောင့် မြောက်ပြင်၊ ကြိုးဝနဲ့ ရွာသစ်ရွာက ဒေသခံ ၅၀၀ ကျော် စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – သရက်ခရိုင်အမှတ် ၄ တပ်ရင်း