နောင်ချို၊ ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။
မနေ့ ဒီဇင်ဘာ ၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က သရက်ကုန်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ ဆမ္မဆယ်ကျေးရွာဘက်ကို လက်နက်ကြီးသုံးလုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။
လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆမ္မဆယ်ကျေးရွာရှိ အမှတ် ၁ သကြားစက်ရုံဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စက်ရုံဝန်ထမ်း အမျိုးသားနှစ်ဦးဟာ ဦးခေါင်းထိမှန်ဒဏ်ရာ၊ အမျိုးသမီးတစ်ဦး ပေါင်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေက ပြည်သူလူထုတွေ အေးချမ်းစွာ နေ ထိုင်လုပ်ကိုင်စားသောက်နိုင်ရေး မရှိစေရန် လက်နက်ကြီးအပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေတယ်လို့ TNLA က ပြောပါတယ်။
TNLA အနေနဲ့ ရှမ်းပြည်နယ်က စစ်ဘေးဒဏ်ခံစားနေရတဲ့ မိဘပြည်သူတွေရဲ့ အကျိုးကို ငဲ့ညှာ ထောက်ထားပြီး နယ်စပ်တည်ငြိမ်ရေးနဲ့ တိုက်ပွဲရပ်စဲရေးအတွက် တရုတ်နိုင်ငံရဲ့ ကြားဝင်ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြုပြီး တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ သဘောထားထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံ အရပ်သား ၂၉ ဦးသေဆုံးပြီး ၆၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA