ဖာပွန်၊ နိုဝင်ဘာ ၆

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာပြီးခဲ့တဲ့ အောက်တိုဘာ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားသုံးဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မဟာ ၅ ဌာနချုပ်က ထုတ်ပြန်ပါတယ်။

အောက်တိုဘာလထဲမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာတွေထဲကို လေ ကြောင်းက နေတစ်ဆင့် ဗုံးအလုံးပေါင်း ၃၆၉ လုံး ကြဲချခဲ့ပြီး လေယာဉ်ပစ်စက်သေနတ်နဲ့လည်း အမြောက်အများပစ်ခတ်ခဲ့သလို ကျေးရွာတွေအတွင်း လက်နက်ကြီးကျည် ၄၄ လုံး ပစ်ခတ်ခဲ့တာပါ။

ဒါ့အပြင် လူနေအိမ် ၉ လုံး၊ ဘုရားကျောင်းဆောင်တစ်ဆောင်၊ ကျောင်းထမင်းစားဆောင်တစ်ဆောင်၊ မူကြိုကျောင်းတစ်ကျောင်း၊ မူလတန်းကျောင်းတစ်ကျောင်းနဲ့ ကျောင်းဘော်ဒါဆောင်တစ်ဆောင် ထိခိုက်ပျက်စီးသွားခဲ့သလို ပြည်သူတွေရဲ့ လယ်ယာစိုက်ခင်းနဲ့ ကောက်ပဲသီးနှံအမြောက်အ များလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

KNU ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်ဟာ တပ်စခန်းတွေ သိမ်းပိုက်ခံခဲ့ရပြီးတဲ့နောက်ပိုင်း ပြည် သူလူထုနေ ထိုင်ရာကျေးရွာတွေထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့တာဖြစ်တယ်လို့ KNU က ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံဖြစ်လာမှာကို စိုးရိမ်နေကြတဲ့အတွက် ခေါပုတ်ကျေးရွာအုပ်စုက ဒေသခံရွာသားတွေဟာ စာသင်ကျောင်းကို ယာယီပိတ်ထားဖို့ ဆုံးဖြတ်ခဲ့ကြရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ကလည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

KNU ဖာပွန်ခရိုင်ထဲက စစ်ရေးဗျူဟာအရ အရေးပါတဲ့ ခေါပုတ်တပ်စခန်းကြီးကို မဟာမိတ်တော် လှန်ရေးပူးပေါင်းတပ်တို့က အောက်တိုဘာလ ၂၉ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ကို လိုက်လံရှင်းလင်းတိုက်ခိုက်ရာမှာ တပ် သား ၁၇ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့တာပါ။

ဒါ့အပြင် ခေါပုတ်စခန်းက ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်း ကျန်ရှိနေသေးပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က လိုက်လံရှင်းလင်းတိုက်ခိုက်နေကြောင်း တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောထားပါတယ်။

KNU ဖာပွန်ခရိုင်ထဲမှာ KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အ ကြား အောက်တိုဘာလအတွင်း တိုက်ပွဲ ၁၃၆ ကြိမ်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၂၉ ဦး သေဆုံးပြီး ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KPSN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.