မကွေး၊ နိုဝင်ဘာ ၅

မကွေးတိုင်း ပွင့်ဖြူနဲ့ စလင်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့လကစလို့ စစ်ကောင်စီလက်အောက်ခံတွေ ရဲနဲ့ စစ်သားတွေ ထွက်ပြေးတာ ပိုများလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတည်းမှာတင် ရဲနဲ့ စစ်သား ၁၀ ဦးနီးပါး ထွက်ပြေးခဲ့တယ်လို့ စုံ စမ်း သိရှိရပါတယ်။

ရဲနဲ့တပ်ပြေးတွေ ပိုများလာတာဟာ ပုသိမ်- မုံရွာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ထားပါတယ်။

ထွက်ပြေးကြသူတွေထဲမှာ ပွင့်ဖြူမြို့နယ် ရဲစခန်းက ဒုရဲအုပ်နှစ်ဦး၊ ရဲတပ်သားတစ်ဦး၊ မဲဇလီရဲစ ခန်းက ရဲနှစ်ဦး၊ ဝါစိုက်ပျိုးရေးတပ်က တပ်ကြပ်အဆင့်အပါအဝင်သုံးဦးနဲ့ စလင်းမြို့နယ် အိုင်းမက ရဲတပ်သားနှစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။

ထွက်ပြေးသွားတဲ့ ရဲနဲ့တပ်ပြေးတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ ချိတ်ဆက်လာတာ မရှိဘူးလို့ မင်းဘူးခရိုင်အမှတ် – ၇ တပ်ရင်းရဲ့ သတင်းနဲ့ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ထွက်ပြေးသွားတဲ့သူတွေ အကုန်လုံးလွတ်မြောက်ပေမဲ့ ပွင့်ဖြူရဲစခန်းက ဒုရဲအုပ်အဆင့်ရှိသူ တစ်ဦးတော့ ပြန်အဖမ်းခံရပြီး အချုပ်ကျနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်နဲ့ စက်တင်ဘာလတွေမှာ ပုသိမ်-မုံရွာလမ်းတလျှောက်မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ ဦး ဝန်းကျင်သေဆုံးကာ ၂၀ ဦးနီးပါးထိခိုက်ထားတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

ပုံစာ- မ‌ကွေးတိုင်းအတွင်း ကင်းလှည့်နေတဲ့ စစ်ကောင်စီစစ်သားအချို့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.