တနင်္သာရီ၊ နိုဝင်ဘာ ၅

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်းပြည့်နဲ့ကိုးအင်းကျေးရွာတို့ကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်စစ်ကြောင်းထံကနေ သိရပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ မြိတ်လေတပ်ကနေ တက်လာတဲ့ တိုက်လေယာဉ် တစ်စီးဟာ ကိုးအင်းရွာအနားကို ဗုံးလေးလုံး၊ ဘန်းပြည့်ကျေးရွာကို ဗုံး နှစ်လုံးကြဲချခဲ့သလို စက် လက်နက်တွေနဲ့ လည်းပစ်ခတ်သွားတာပါ။

ဗုံးကြဲမှုကြောင့် ကိုးအင်းကျေးရွာနေ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၂၂ နှစ်အရွယ် မောင်ဝဏ္ဏကျော်တို့ ထိခိုက်ဒဏ်ရရှိခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးခဲ့ကာ ဘန်းပြည့်ကျေးရွာမှာတော့ ထိခိုက်ပျက်စီးတာမရှိဘူးလို့ ဆိုပါတယ်။

ဗုံးကြဲခံရတဲ့ အဲဒီကျေးရွာနှစ်ရွာဟာ တစ်ရွာနဲ့တစ်ရွာ ၅ မိုင်ကျော်လောက် ကွာဝေးပြီး တော်လှန် ရေးအင်အားအဖွဲ့တွေ လှုပ်ရှားမှုမရှိတဲ့ ကျေးရွာတွေဖြစ်တယ်လို့ မြိတ်ခရိုင်စစ်ကြောင်း ပြန်ကြား ရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာနေ ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ အခုနှစ်မေလကနေ ဩဂုတ်လအထိ လေးလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၅၅ ဦး သေဆုံးပြီး ၈၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.