ဘန်ကောက်၊ စက်တင်ဘာ ၅

ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာကို သူ့ရဲ့ ဖခင် သက်ဆင် ရှင်နာဝါထရာက ထိန်းချုပ် ခြယ်လှယ်နေမှုနဲ့ ကုမ္ပဏီပေါင်း ၂၀ ရဲ့ ညွှန်ကြားရေးမှူးအဖြစ်ကနေ သူ့ရဲ့ နုတ်ထွက်မှု တရားဝင် မဝင် စစ်ဆေးပေးဖို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ရူအန်ခရိုင် လီကစ်ဝတ်တာနာက ရွေးကောက်ပွဲ ကော်မရှင်ထံ တောင်းဆိုလိုက်ပါတယ်။

အဲဒီကုမ္ပဏီပေါင်း ၂၀ ထဲက ၁၄ ခုဟာ ဘန်ကောက်မြို့မှာ အခြေစိုက်တာ ဖြစ်ပြီး နောက်သုံးခုက လန်ပွမ်းဒေသနဲ့ နှစ်ခုက ပသွန်ဌာနီမှာ ရှိတာ ဖြစ်ပါတယ်။

ချက်ချင်း အသက်ဝင်သွားခဲ့တဲ့ ရာထူးမှ နုတ်ထွက်မှုတွေကို ပေသွန်ထန်က သူ့ကို ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် လွှတ်တော်က မတင်မြှောက်ခင် တစ်ရက်အလို သြဂုတ် ၁၅ ရက်မှာ တင်သွင်းခဲ့တာပါ။

ဝန်ကြီးချုပ် ပေသွန်တန်အနေနဲ့ တစ်ရက်တည်းမှာ ရာထူးက နုတ်ထွက်စာတွေ အများကြီးကို သူကိုယ်တိုင် ဘယ်လို တင်လို့ရခဲ့တာလဲ ဆိုတာ မေးခွန်းထုတ်ထားပါတယ်။

သူ့အနေနဲ့ ညွှန်ကြားရေးမှူး ရာထူးတွေက နုတ်ထွက်ထားကြောင်း သက်သေပြဖို့လိုတယ်လို့ တက်ကြွလှုပ်ရှားသူ ရူအန်ခရိုင်က ပြောကြား ပေမယ့် ဝန်ကြီးချုပ်က သက်သေပြဖို့ ငြင်းဆိုနေပါတယ်။

ဝန်ကြီးချုပ် ပေသွန်ထန်ရဲ့ အခြား လူ့ကျင့်ဝတ်ဆိုင်ရာ စိုးရိမ်မှုနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ သူ့ကို ဖခင်ဖြစ်သူ သက်ဆင်က ထိန်းချုပ်ထားတယ်လို့ စွပ်စွဲထားပေမယ့် သက်ဆင်က ငြင်းဆိုထားပါတယ်။

ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေအရ မည်သူ တစ်ဦး တစ်ယောက်ကမှ နိုင်ငံရေးပါတီရဲ့ လုပ်ဆောင်ချက်တွေကို မထိန်းချုပ်ရဘူးလို့ သတ်မှတ်ထားပါတယ်။

လွှတ်တော် အမတ်ဟောင်းနဲ့ ပါလန်း ပရာချက် ပါတီဝင် တစ်ဦး ဖြစ်သူ ရူအန်ခရိုင်ဟာ ထိပ်တန်း နိုင်ငံရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကို အခုလိုပဲ တိုင်ကြားတတ်တဲ့ ရာဇဝင်ရှိသူ ဖြစ်ပါတယ်။

သူဟာ Move Forward ပါတီ ခေါင်းဆောင်ဟောင်း ဖိထာကိုလည်း ဝန်ကြီးချုပ်အဖြစ် တာဝန် မထမ်းဆောင်နိုင်အောင် ကြိုးပမ်းခဲ့သူ ဖြစ်ပါတယ်။

Ref:Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.