ဝါရှင်တန်၊ စက်တင်ဘာ ၄

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်တုန်းက အစ္စရေးကို ဆိုးဆိုးရွားရွား တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပါလက်စတိုင်း ဟားမာ့စ် အဖွဲ့ ခေါင်းဆောင် ယာယာ ရှင်ဝါနဲ့ အခြား အထင်ကရ အဖွဲ့ဝင် တချို့ကို အမေရိကန်က စွဲချက်တင်လိုက်ပါတယ်။

အမေရိကန် နိုင်ငံသားတွေကို သတ်ဖြတ်မှု၊ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်အသုံးပြုမှု၊ အကြမ်းဖက်ဝါဒအတွက် ရန်ပုံငွေထောက်ပံ့ရေး လျှို့ဝှက် ပူးပေါင်း ကြံစည်မှု အပါအဝင် ဟားမာ့စ် အဖွဲ့ဝင် ၆ ဦးကို စွဲချက် ၇ ခုနဲ့ စွဲချက်တင်ထားကြောင်း အမေရိကန် တရားရေးဌာနက ပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်က အစ္စရေးတောင်ပိုင်းကို မကြုံစဖူး တိုက်ခိုက်မှုအပြင် ဟားမာ့စ် အဖွဲ့ရဲ့ ဆယ်စုနှစ် ပေါင်းများစွာကြာအောင် တိုက်ခိုက်မှုတွေအတွက် ရာဇဝတ်မှုဆိုင်ရာ စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

ဒါဟာ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို ဦးဆောင်သူတွေအပေါ် အမေရိကန်က ပထမဆုံး အရေးယူတာ ဖြစ်ပြီး အခု စွဲချက်တင်ထားတဲ့ စာရင်းမှာ ပါဝင်နေသူ သုံးဦးကတော့ သေဆုံးသွားပြီ ဖြစ်ပေမယ့် ယာယာ ရှင်ဝါကတော့ ဂါဇာ ကမ်းမြောင်ဒေသ တစ်နေရာရာမှာရှိတဲ့မြေအောက်လိုဏ်ခေါင်းထဲ ပုန်းအောင်းနေတယ်လို့ ယုံကြည်ရပါတယ်။

စွဲချက်တင်ခံထားရသူတွေဟာ အမေရိကန်နိုင်ငံသားတွေကို သတ်ဖြတ်ဖို့နဲ့ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကို အန္တရာယ်ကျရောက်စေဖို့ ဆယ်စုနှစ်ပေါင်းများစွာ ဘဏ္ဍာငွေ စုဆောင်းပြီး ပူးပေါင်း ကြံစည်ခဲ့သူတွေ ဖြစ်တယ်လို့ အမေရိကန် တရားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဟားမာ့စ်အဖွဲ့ရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာကမ်းမြောင် ဒေသမှာ တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး လူ ၄၀၀၀၀ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

အခြား လူသန်းပေါင်းများစွာဟာလည်း အိုးအိမ် စွန့်ခွာထွက်ပြေးနေရပြီး လောလောဆယ်မှာတော့ ကလေးငယ်တွေ ပိုလီယို ကာကွယ်ဆေးထိုးနှံရေး သုံးရက်ကြာ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အစ္စရေးက သဘောတူထားပါတယ်။

ဟားမာ့စ်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်မှာ အစ္စရေးတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ပြီး လူ ၁၂၀၀ ကို သတ်ဖြတ်ကာ ဓားစာခံ ၂၅၁ ဦး ဖမ်းဆီးသွားခဲ့ပါတယ်။

ဓားစာခံတွေ ပြန်လည် လွတ်မြောက်ရေးနဲ့ လူသားချင်းစာနာ ထောက်ထားရေး အပစ်အခတ် ရပ်စဲနိုင်ရေး အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့က ကြားဝင် ညှိနှိုင်းပေးနေပေမယ့် သဘောတူညီမှု မရရှိနိုင် ဖြစ်နေပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.