ဒါကာ၊ စက်တင်ဘာ ၄

ပြီးခဲ့တဲ့လ စောစောပိုင်းမှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆူပူအုံကြွမှုကြောင့် ရာထူးက ထွက်ပြီး ပြည်ပကို ထွက်ပြေးသွားတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာရဲ့ သံတမန် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ်ကို ဘင်္ဂလားဒေ့ချ် ယာယီအစိုးရက ဖျက်သိမ်းလိုက်ပါတယ်။

အစိုးရအဖွဲ့ဟောင်းအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တာဝန် မထမ်းဆောင်တော့တဲ့ လွှတ်တော်အမတ်တွေရဲ့ နိုင်ငံကူးလက်မှတ်တွေနဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာရဲ့ နိုင်ငံကူးလက်မှတ်တွေကို ရုတ်သိမ်းလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဟာဆီနာ ရာထူးက နုတ်ထွက်တဲ့ အခြေအနေဆီ ဦးတည်ခဲ့တဲ့ သီတင်းပတ်များစွာကြာ ဆူပူမှုတွေကြား လူပေါင်း ၄၅၀ ကျော် သေဆုံးခဲ့ပြီး အများစုကတော့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့သလား ဆိုတာကို စုံစမ်းဖို့ ကုလသမဂ္ဂ စစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ ဘင်္ဂလားဒေ့ချ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ရာထူးက ထုတ်ပယ်ခံရတာ ဒါမှမဟုတ် အငြိမ်းစား ယူသွားသူတွေနဲ့ သူတို့ရဲ့ ဇနီးမယားတွေရဲ့ နိုင်ငံကူး လက်မှတ်တွေကို သံတမန် နိုင်ငံကူး လက်မှတ်အဖြစ်ကနေ ဖယ်ရှားရမယ်လို့ ဘင်္ဂလားဒေ့ချ် ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဟာဆီနာရဲ့ အစိုးရဟာ အစုလိုက် အပြုံလိုက် ဖမ်းဆီး ထောင်ချတာ၊ နိုင်ငံရေး ပြိုင်ဖက်တွေကို ဥပဒေ ပြင်ပသတ်ဖြတ်တာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီရဲ့ ရင်းနှီးတဲ့ မဟာမိတ်ဖြစ်သူ ဟာဆီနာဟာ အိန္ဒိယသို့ ထွက်ပြေးသွားပြီး လောလောဆယ်မှာ ဘင်္ဂလားဒေ့ချ်ကို နိုဗယ်ဆုရှင် ယူနာ့စ်နဲ့ ကျောင်းသားခေါင်းဆောင် တချို့က ဦးဆောင်ပြီး အသွင်ကူး ပြောင်းနိုင်ရေး ဆောင်ရွက်နေပါတယ်။

Ref:Strait Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.