မကွေး၊ ဩဂုတ် ၆

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ရဲကင်းစခန်းတစ်ခုနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တဲ့အပြင် စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ People Democratic Army (PDO/PDA) ထံကသိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်မှာ မြိုင်မြို့နယ်က ကိုင်းတောမစခန်းနဲ့ ရေစက်ကုန်းရဲကင်းတို့ကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း ရေစက်ကုန်းရဲကင်းကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ PDA တပ်ဖွဲ့က ဆိုပါတယ်။ အဲဒီတိုက်ပွဲကို အဖွဲ့နှစ်ဖွဲ့ခွဲပြီး ၅ နာရီကြာ တိုက်ခိုက်ခဲ့ရတယ်လို့ သိရပါတယ်။

“ကျ​နော်တို့ အဖွဲ့အ​နေနဲ့ စစ်အာဏာရှင်စနစ်ကို အမြတ်ဖြတ်ဖို့အတွက် မူဝါဒ​တွေ လမ်းစဉ်​တွေ ချမှတ်ပြီး လုပ်​ဆောင်​နေတာဖြစ်တယ်။ စစ် သုံး စစ်အမြစ်ပြတ်ဖို့ ရရာလက်နက်ကို ကိုင်စွဲပြီး လက်နက်ကိုင်​တော်လှန်​ရေးမှာ စစ်ကိုစစ်နဲ့တူ​အောင် တိုက်မယ်။ တိုက်ပွဲကို တိုက်ပွဲနဲ့ တူ​အောင် တိုက်မယ်။ ရန်သူကို ရန်သူလိုပဲ ကျင့်ကြံမယ်။ လူထုအားဖြင့် ​တော်လှန်​ရေးကို အနိုင်တိုက်သွားပါမယ်” လို့ PDO/PDA ရဲ့ သတင်းနဲ့ ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

တိုက်ပွဲအတွင်း PDO/PDA က အသက် ၁၇ နှစ်အရွယ် ရဲဘော် မဟောက်နဲ့ အသက် ၂၃ နှစ်အရွယ် အညာမြေတပ်ပေါင်းစုက ရဲဘော် G-Shock တို့ ကျဆုံးခဲ့တာပါ။

ရေစက်ကုန်းရဲကင်းစခန်းကို ရခဲ့​ပေမယ့် ရဲဘော်နှစ်ဦး ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတာကြောင့် ကိုင်း​​တောမ ရဲစခန်းကို စခန်း ခြံစည်းရိုးထိ ဝင်​ရောက်တိုက်ခိုက်ခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုကိုတော့ ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် (PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)-(အမှတ် ၈၁၅ တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသ)၊ ပခုက္ကူစုဖွဲ့မှု (Young Force. PPDF. Thu Rain. Hunter Pakokku. Earthquake)၊ အညာမြေတပ်ပေါင်းစု၊ မြိုင်မြို့နယ် ပ.က.ဖနဲ့ မြိုင်စုဖွဲ့မှု တပ်ရင်းတို့က ပူးတွဲဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သံလွင်တိုင်း
ဓာတ်ပုံ – PDO/PDA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.