မော်လမြိုင် ၊ ဩဂုတ် ၄

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်တပ်အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း အထွေထွေအ ကျပ်အတည်းတွေနဲ့အတူ စားဝတ်နေရေးအခက်အခဲတွေကြောင့် တောင်းရမ်းစားသောက်သူတွေ ပိုများလာတယ်လို့ မြို့ခံ တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆင်းရဲမွှဲတေမှုကြောင့် တောင်းရမ်းစားသောက်သူတွေဟာ မော်လမြိုင်မြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ တောင်ရိုးတန်း၊ ကမ်းနားလမ်း၊ ဈေးတွေ၊ လမ်းဆုံ၊ လမ်းခွတွေအပြင် ရပ်ကွက်ကျေးရွာတွေအထိ ဝင်ရောက်တောင်းရမ်းမှုတွေ ရှိလာတာပါ။

တောင်းရမ်းစားသောက်သူတွေထဲမှာတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အများဆုံး ပါဝင်သလို အသက်ကြီးပိုင်းနဲ့ လူလတ်ပိုင်းအရွယ်တွေအထိ တောင်းရမ်းစားသောက်တာတွေ ရှိလာတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မော်လမြိုင်မြို့ခံတစ်ဦးက မြို့အတွင်း တောင်းရမ်းစားသောက်သူတွေ များပြားလာမှုဟာ အရင်ကတစ်ခါမှ မကြုံဖူးတဲ့အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။

“တောင်းရမ်းစားသောက်သူတွေက များတာတော့ ပိုများလာတာပေါ့။ အရင်တုန်းကမတွေ့ဖူးတဲ့ သူလည်း တွေ့လာတယ်။ အခုက ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် အောက်ခြေဆင်ခြေဖုံး ရပ် ကွက်တွေကနေပြီးတော့ ကလေးတွေတို့လို့တွဲလောင်းတွေ ချီပြီးတော့ တောင်းတာတွေက များလာတာပေါ့။ အရင်တုန်းကဆိုရင် ဥပမာပေါ့။ တစ်ပတ်ကို တစ်ရက်လောက်ပဲ တောင်းတဲ့သူတွေ့ရတယ်။ အခုက နေ့တိုင်းလိုလို တွေ့နေရတယ်”လို့ ဆိုပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ စစ်တပ်အာာဏသိမ်းသုံးနှစ်တာအတွင်း နိုင်ငံ့လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်း ဒါမှမဟုတ် ခန့်မှန်းခြေ လူဦးရေ ၄၂ သန်းဟာ ဆင်းရဲမွဲတေမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင်နိုင်ငံတွင်းရှိ လူလတ်တန်းစား လူဦးရေ ၅၀ ရာခိုင်နှုန်းကျဆင်းသွားတဲ့အပြင် လူပေါင်း ၁၃ ဒသမ ၃ သန်းကလည်း စားနပ်ရိက္ခာမလုံ‌လောက်မှုကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မော်လမြိုင်မြို့ခံနောက်တစ်ဦးကလည်း အခုလို တောင်းရမ်းစားသောက်ရမှုတွေဟာ စစ်တပ်အာ ဏာသိမ်းမှုနဲ့အတူ တိုင်းပြည်စီးပွားရေး အကျပ်အတည်းကြောင့်ဖြစ်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“တောင်းရမ်းစားသောက်သူတွေ တော်တော်များလာတာ တွေ့ရပါတယ်။ ဈေးတွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ကမ်းနားလမ်းတွေ အဲဒီမှာတွေက တော်တော်များများကို တွေ့နေရတာပေါ့နော်။ ဆိုင် ကယ်ရပ်ပြီဆိုတာနဲ့ လာတောင်းတာ အဲဒီလိုမျိုးတွေပေါ့နော်။ စီးပွားရေးက ကျပ်တည်းလာရင် တောင်းရမ်းစားသောက်တဲ့ သူတွေကလည်း များလာတာပေါ့နော်။ ဒါက မော်လမြိုင်မှာတင် မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာလိုလိုကို ဖြစ်နေတာ”လို့ ဆိုပါတယ်။

တောင်းရမ်းစားသောက်ရမှုတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်းရှားပါးလာတာ၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာတာ၊ ဆင်းရဲမွှဲတေမှုတွေကြောင့် အများဆုံး ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ဆိုးရဲ့ တစ်ကျော့ပြန်စေတဲ့ ၂၀၂၁ ခုနှစ် အာ ဏာသိမ်းမှုကြောင့် လက်ရှိအချိန်အထိ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ ကဏ္ဍပေါင်းစုံတွေမှာ ပျက်စီးယိုယွင်းမှုတွေ တစ်ဆထက်တစ်ဆ ကြီးထွားလာတာပါ။

တစ်ဘက်မှာ ငွေကြေးဖောင်းပွမှုကြောင့် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ စစ်ကောင်စီရဲ့ ကန့် သတ်ထိန်းချုပ်မှုတွေ စီမံခန့်ခွဲမှုအလွဲတွေကြောင့် အခြေခံလူတန်းစားတွေအပြင် လူလတ်တန်းစား ပြည်သူတွေကိုပါ ပိုမိုကျပ်တည်းလာစေခဲ့တာပါ။

ကမ္ဘာ့ဘဏ်ရဲ့ ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့ထုတ် အစီရင်ခံစာအရ အခုနှစ်အစပိုင်းမှာ မြန်မာနိုင်ငံက လူဦးရေ ၃၂ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးလာပြီး ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့နှုန်းကလည်း ဆက်လက်မြင့်တက်လာ နိုင်သလို ဆင်းရဲမှုအခြေအနေ ပိုမိုဆိုးရွားလာမယ်လို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

ပုံစာ-တောင်းရမ်းစားသောက်သူတစ်ဦးအားတွေ့ရစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.