သရက်ချောင်း၊ ဩဂုတ် ၃

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ စစ်မှုထမ်းဖို့ လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်လာတဲ့ စစ်ကောင်စီကားသုံးစီး တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ အဲဒီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ဩဂုတ် ၂ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်မှာ စစ်မှုထမ်းဥပဒေနဲ့ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ကားသုံးစီးနဲ့ သရက်ချောင်းမြို့ကနေ ထားဝယ်မြို့သို့ ပို့ဆောင်ချိန် သင်းကျွန်းရွာနဲ့ ရန်တောင်ကျေး ရွာကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက စစ်မှုထမ်းတွေ ခေါ်ဆောင်လာမယ့် စစ်ကောင်စီကားသုံးစီးကို သတင်းအရ သွားရောက်တိုက်ခိုက်ခဲ့ပေမယ့် ပြင်ဆင်ချိန် မရလိုက်တဲ့အတွက် ထိခိုက်သေဆုံးမှု နည်းသွားတာလို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ယာဉ်မောင်းတစ်ဦး ပေါင်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီကားတွေက ထားဝယ်မြို့ဘက်ကို မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။

စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်တွေမှာတော့ သရက်ချောင်းမြို့မှ ထားဝယ်မြို့ကို အချုပ်သားတွေကို ပို့ဆောင်ချိန်မှာ PDF တပ်ဖွဲ့တွေရဲ့ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယာဉ်မောင်းတစ်ဦး လက်မောင်းထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုထားပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ အိမ်စီးကားတွေနဲ့ သွားလာနေတဲ့ စစ်ကောင်စီတပ် ဖွဲ့တွေဟာ သရက်ချောင်းမြို့နယ်ထဲက ပြည်ထောင်စုလမ်းပိုင်းမှာ ဇူလိုင်လအတွင်းက သုံးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်မှ ထားဝယ်မြို့ကိုပြန်လာတဲ့ စစ်ကောင်စီကား ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရရှိကာ ကားပေါ်ပါလာတဲ့ ကျည်ဆန်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဒေါင်းညီနောင်စစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.